CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉
အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ဆက်ပြီး ပြုလုပ်နေပေမယ့် အမေရိကန်မှာ ပွဲတွေယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ် အကြီးအကဲက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မယ်ဒီတာ့ဂျ်က “လက်ရွေးစင်အသင်းက တူရကီမှာ လေ့ကျင့်ရေးစခန်း ပြုလုပ် နေပြီး အဲ့ဒီမှာ ခြေစမ်းပွဲ ၂ ပွဲကစားဖို့ ရှိပါတယ်။ ကျနော်တို့က အမေရိကကို သပိတ်မှောက်မှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်မှာ မဟုတ်ဘူးလို့ “Fars News Agency ကို ပြောခဲ့တာပါ။
အီရန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်တဲ့ အစောဆုံးနိုင်ငံတွေထဲက ၁ သင်း ဖြစ်ခဲ့ပေမယ့် အမေရိကန်၊ အစ္စရေးတို့နဲ့ ပဋိပက္ခဖြစ်ပြီးကတည်းက ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာမှုတွေ ဖြစ်ခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့ အားကစားဝန်ကြီးက ဒီအခြေအနေတွေကြောင့် အီရန် လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောထားခဲ့တာပါ။

အီရန်အသင်းကို တွေ့ရစဉ်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ နယူးဇီလန်အသင်းတို့နဲ့ အုပ်စု G မှာ ကျရောက်နေတဲ့ အီရန် အသင်းဟာ သူတို့ရဲ့ အုပ်စုပွဲစဉ် ၃ ပွဲစလုံးကို အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ဟာ သူတို့ရဲ့ပွဲတွေကို မက္ကဆီကိုနိုင်ငံထံ ပြောင်းရွှေ့ပြီးကစားဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)နဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံကလည်း အီရန်အသင်းရဲ့ ပွဲတွေကို သူတို့ရဲ့နိုင်ငံမှာ လက်ခံကျင်းပဖို့ ပြောထားပေမယ့် ဖီဖာကသာ ဒါကို ဆုံးဖြတ်ချက် ချမယ့်သူဖြစ်တာပါ။
ဖီဖာကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်မှာ အတည်ပြု ကြေညာခဲ့တဲ့ ပွဲစဉ်ဇယားအတိုင်းသာ ပြိုင်ပွဲဝင် အသင်းတွေ အားလုံး ပါဝင်ယှဉ်ပြိုင်ကြဖို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။
အီရန်အသင်းဟာ ဒီလထဲမှာ ခြေစမ်းပွဲတွေအဖြစ် နိုင်ဂျီးရီးယား၊ ကော်စတာရီကာအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: CNA
