CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉

ဒေါ့မွန်အသင်းဟာ အက်စတွန်ဗီလာအသင်းမှာ အငှားကစားနေတဲ့ ဆန်ချိုကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်နေတာကြောင့် သူဟာနွေရာသီမှာ အသင်းဟောင်းထံ အပြီးသတ် ပြန်လာဖွယ်ရှိနေပါတယ်။ 

ဆန်ချိုနဲ့ ယူနိုက်တက်အသင်း စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိပေမယ့် ကလပ်အသင်းက သူ့ကို ထွက်ခွာခွင့်ပြုဖို့ ရှိနေတာပါ။ 

ဆန်ချိုဟာ ဒေါ့မွန်အသင်းထံ ပြန်သွားဖို့အတွက် လုပ်ခလစာ လျှော့ယူဖို့ ဆန္ဒရှိနေပြီး လက်ရှိအချိန်မှာ ဂျာမန် ကလပ်ဟာ သူနဲ့တိုက်ရိုက် ပြောဆိုရခြင်း မရှိသေးဘဲ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ပဲ ဆွေးနွေးရသေးတယ်လို့ Bild သတင်းမှာ ဖော်ပြထားပါတယ်။ 

ဆန်ချိုဟာ တစ်ပတ်ကို လုပ်ခလစာပေါင် ၂၅၀,၀၀၀ ဝန်းကျင် ရရှိနေပေမယ့် ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့ဖို့ဆိုရင် ဒီလစာရဲ့ ထက်ဝက်ကျော် လျှော့ယူဖို့ လိုအပ်နေတာပါ။ 

၂၀၂၃-၂၄ ရာသီက ဒေါ့မွန်အသင်းထံ ဆန်ချိုအငှားနဲ့ ပြောင်းရွှေ့ခဲ့တုန်းက ယူနိုက်တက်အသင်းဟာ သူ့လစာရဲ့ ပေါင် ၁၀၀,၀၀၀ ဝန်းကျင် ပေးခဲ့ရပါတယ်။ 

ဆန်ချိုကို တွေ့ရစဉ်

ဆန်ချိုဟာ ဒေါ့မွန်အသင်း အကြီးအကဲတွေနဲ့ ပရိသတ်တွေရဲ့ နှစ်သက်မှုကို ရရှိထားတဲ့သူ တစ်ဦးဖြစ်ပါတယ်။ 

အင်္ဂလန်တောင်ပံ ကစားသမားဟာ ယူနိုက်တက်အသင်းထံ မပြောင်းရွှေ့မီ ဒေါ့မွန်အသင်းမှာ ရှိခဲ့တဲ့ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အတွင်း သွင်းဂိုး ၅၀ သွင်းယူနိုင်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ပေါင် ၇၃ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် အသင်းမှာ အဆင်ပြေမှု မရှိခဲ့တာကြောင့် အသင်းဟောင်း ဒေါ့မွန်နဲ့ မနှစ်က ရာသီမှာ ချယ်လ်ဆီးအသင်းထံ အငှားချခဲ့ရပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ် မဝယ်ယူခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ သူ့ကိုပြီးခဲ့တဲ့ နွေရာသီမှာ အက်စတွန်ဗီလာအသင်းထံ အငှားချခဲ့တာပါ။ 

ဆန်ချိုဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ၂၉ ပွဲ ကစားထားပြီး ၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

Source: Dailymail