CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉
ဒေါ့မွန်အသင်းဟာ လာမယ့်ဇွန်လမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် တောင်ပံကစားသမား ဆန်ချိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း အတည်ပြုခဲ့ပါတယ်။
ဒေါ့မွန်အသင်းဟာ ဆန်ချိုကို တတိယအကြိမ်မြောက်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကစားသမားအနေနဲ့ အသင်းထံပြန်လာချင်တယ်ဆိုရင်တော့ သူလက်ရှိရနေတဲ့ လုပ်ခလစာကို အများအပြားလျှော့ယူရမယ်ဆိုတာ လက်ခံဖို့လိုအပ်ပါတယ်။
ဆန်ချိုဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတာကြောင့် ဒေါ့မွန်အသင်းဟာ သူ့ကို ပြန်လည်ခေါ်ယူဖို့ အလေးအနက်ထားစဉ်းစားနေတာဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းမှာ အငှားကစားနေတဲ့ ဆန်ချိုရဲ့ယူနိုက်တက်အသင်းကစားသမားဘဝဟာ ဒီရာသီကုန်ရင် အဆုံးသတ်တော့မှာပါ။
ဒေါ့မွန်အသင်းကတော့ ဆန်ချိုဟာ ပရီးမီးယားလိဂ်မှာအဆင်မပြေဖြစ်ခဲ့ပေမယ့် သူနဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင်ကို ပြန်ပြီးရောက်ရှိလာတာက သူ့ကို အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်စေခဲ့တဲ့ ခြေစွမ်းကို ပြန်ပြီးရှာဖွေနိုင်အောင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ကစားသမားဆန်ချိုကိုတွေ့ရစဉ်
ဒေါ့မွန်အသင်းမန်နေဂျင်းဒါရိုက်တာက သူတို့ဟာ အခုအချိန်မှာ ကစားသမားအများအပြားကို ကြည့်ရှုနေပြီး အသင်းကို ပိုပြီးကောင်းအောင်လုပ်နိုင်မလားဆိုတာ စစ်ဆေးနေတယ်လို့ ပြောခဲ့ပါတယ်။
ဒီအထဲမှာ ဂျေဒန်ဆန်ချိုလည်း ပါဝင်တယ်လို့ Sport Bild ကို ပြောခဲ့တာပါ။
ဒေါ့မွန်အသင်းမှာ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အထိ ကစားပြီးနောက် ယူနိုက်တက်အသင်းထံ ပြောင်းခဲ့တဲ့ ဆန်ချိုဟာ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီမှာ ဒေါ့မွန်အသင်းထံ ရာသီဝက်အငှားနဲ့ ပြန်ရောက်ရှိလာခဲ့ပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးနဲ့ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းတွေထံ အငှားသွားရောက်ကစားခဲ့ပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ အက်စတွန်ဗီလာအသင်းအတွက် ၃၁ ပွဲကစားထားပြီး ၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားတာဖြစ်ပါတယ်။
