CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂

ပြီးခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဆန်ချိုက လက်ရှိ အခြေအနေကိုပဲ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။

ဆန်ချိုက “ဒေါ့မွန်မှာပဲ ဆက်ရှိမလား ဒါမှမဟုတ် ယူနိုက်တက်ထံ ပြန်သွားမလားဆိုတာ ကျနော်တကယ် မသိသေးပါဘူး။ အခုလက်ရှိ အခြေအနေကိုပဲ ကျနော် အာရုံစိုက်နေပါတယ်။ ဒေါ့မွန်ကို ကျနော် ၁၇ နှစ်အရွယ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ရောက်ရောက်ချင်းမှာပဲ သူတို့က ကျနော့်ကို အကူအညီတွေ ပေးခဲ့ပါတယ်။ ကျနော်ဟာ ကလပ်နဲ့ ဒီမှာရှိတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးတွေကို အမြဲပေးပါတယ်”လို့ ပြောပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ လူစာရင်းကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

အဲဒါကြောင့် ဆန်ချိုဟာ ဇန်နဝါရီလ အပြောင်းအရွှေ့က အသင်းဟောင်း ဒေါ့မွန်အသင်းထံ ၆ လ အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တာပါ။ 

ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ လိမ်ခေါက်ဖြတ်ကျော်မှု ၁၂ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး စံချိန်တင် နိုင်ခဲ့ပါတယ်။

ဆန်ချိုကို တွေ့ရစဉ်

ဒေါ့မွန်အသင်းဟာ ဆန်ချိုကို အပြီးသတ် ခေါ်ယူချင်နေပေမယ့် ယူနိုက်တက်အသင်း တောင်းဆိုမယ့် ပြောင်းရွှေ့ ကြေးကို ပေးချေဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ နွေရာသီမှာ တစ်သင်းလုံးနီးပါးကို ရောင်းချပြီး အသင်းကို ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အဲဒါကြောင့် ဆန်ချို အပါအဝင် ကစားသမား အချို့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရရှိမယ်ဆိုရင် ယူနိုက်တက် အသင်းဟာ ဒီကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။

ဆန်ချိုဟာ ဒေါ့မွန်အသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်လာရဖို့ ရှိနေပေမယ့် နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေကြောင့် အပြီးသတ် ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ အသလက်တီကို အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆန်ချိုရဲ့ စွမ်းဆောင်ရည်တွေကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာပါ။ 

ဆန်ချိုဟာ ဒေါ့မွန်အသင်းအတွက် ၁၇ ပွဲ ကစားထားပြီး ၃ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

Source: Metro