CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၉
ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်က အက်သလက်တီကိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲမှာ သူတို့ကို ပယ်နယ်တီပေးပြီး ပြိုင်ဘက်ကစားသမားကို ထုတ်ပယ်သင့်တဲ့ ဆုံးဖြတ်ချက်ကို မပြုလုပ်ခဲ့တဲ့ ဒိုင်လူကြီးကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ဂိုးသမားက ပွဲကိုစတင်တဲ့အချိန် ခံစစ်ကစားသမားက သူ့ရဲ့လက်နဲ့ဘောလုံးကို ရပ်တန့်ပြီး ပြန်စတင်တဲ့အခါ ဒီအခြေအနေမှာ ဘာတွေဖြစ်သွားလဲဆိုတာ ကျနော်မသိပါဘူး။ ကျနော့်အတွက်တော့ ဒါဟာ ဒုတိယအဝါကတ်နဲ့ပယ်နယ်တီပါပဲ။ ဒီနေရာမှာ VAR ကို ဘာလို့မသုံးတာလဲဆိုတာ မသိသလို ဒိုင်လူကြီးက အလွန်တော်တယ်လို့ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့လက်ခံပြီး လာမယ့်ပွဲကို ပြန်တိုက်ပွဲဝင်ရမယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲရဲ့ပထမပိုင်းမှာ ဘာစီလိုနာအသင်းဟာ နောက်ခံလူကူဘာစီတိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ဦးလျော့နဲ့ ကစားခဲ့ရပြီး အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး-ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရတာပါ။
ဒါပေမယ့် ဒုတိယပိုင်းမှာ ဘာစီလိုနာအသင်းကို ပယ်နယ်တီမပေးခဲ့တဲ့အပေါ် နည်းပြဟန်ဆီဖလစ်က ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနှင့်အက်သလက်တီကိုအသင်းတို့ ယှဉ်ပြိုင်နေစဉ်
အက်သလက်တီကိုအသင်းဂိုးသမား မူဆိုဟာ ဘောလုံးကို စတင်ခဲ့ချိန်မှာ အဝါကတ်ပြသခံထားရပြီးဖြစ်တဲ့ နောက်ခံလူပူဘီလ်က ဂိုးဧရိယာအတွင်း ဘောလုံးကို လက်နဲ့ရပ်တန့်ကာ ပွဲကိုပြန်စတင်ခဲ့တာပါ။
ကွင်းလယ်ဒိုင်လူကြီးက ပွဲကို ဆက်ကစားဖို့လက်ပြခဲ့သလို VAR ကလည်း ဒီဆုံးဖြတ်ချက်အပေါ် ဝင်ရောက်ပြီး အကြံပေးခဲ့တာမရှိတဲ့အတွက် ဘာစီလိုနာအသင်းသားတွေဟာ စိတ်ပျက်ခဲ့ကြတာဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းနည်းပြဆီမြွန်နီကတော့ ဒါကို ကွဲပြားစွာမြင်တွေ့ခဲ့တာပါ။
ဆီမြွန်နီဟာ နူးကမ့်ကွင်းမှာ သူ့ရဲ့နည်းပြဘ၀ ပထမဆုံးအကြိမ်အနိုင်ရခဲ့တာဖြစ်သလို အက်သလက်တီကိုအသင်းကလည်း နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံးအကြိမ် ဘာစီလိုနာအသင်းကို နူးကမ့်ကွင်းထဲမှာ နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်က ဆီမီးဖိုင်နယ်တက်နိုင်ဖို့ သူတို့မှာ အခွင့်အရေးရှိသေးတဲ့အတွက် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
