CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ PSG အသင်းကို ရှောင်နိုင်ခဲ့တဲ့အပေါ် နည်းပြ ဟန်ဆီဖလစ်က အောင်ပွဲခံဖို့ ငြင်းဆန်ပြီး လွယ်ကူတဲ့ ပြိုင်ဘက်ဆိုတာ မရှိဘူးလို့ ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ဒီအဆင့်မှာ ပွဲတိုင်းက အရေးပါပြီး PSG အသင်းနဲ့ မတွေ့ခဲ့တာကို ကျနော် အောင်ပွဲခံနေမှာ မဟုတ်ပါဘူး။ ပြိုင်ဘက်တိုင်းကို လေးစားမှု ရှိရပါမယ်။ လူတိုင်းက ဗိုလ်လုပွဲကို ရောက်ချင်ပြီး နယူးကာဆယ်မှာ လည်း ချန်ပီယံလိဂ်ဖလားရဖို့ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိပါတယ်။ လွယ်ကူတဲ့ မဲခွဲမှုဆိုတာ မရှိပါဘူး”လို့ ပြောခဲ့ တာပါ။
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်အတွက် မဲခွဲမှုမှာ PSG အသင်းကို ရှောင်နိုင်ခဲ့ပြီး နယူးကာဆယ်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ကာ PSG အသင်းကတော့ ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကိုတွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် League Phase မှာ နယူးကာဆယ်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး ၂ ဂိုး-၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒါ့ပြင် ဟန်ဆီဖလစ်က ဘာစီလိုနာအသင်းဟာ ဗိုလ်လုပွဲကို သွားဖို့လမ်းကြောင်းကောင်းမွန်တယ်လို့ ပြောခဲ့တာ တွေကိုလည်း ငြင်းဆန်ခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ အသင်းတိုင်းက ကြီးမားတဲ့ အရည်အသွေးရှိတဲ့ အတွက် အသင်းတိုင်းကို လေးစားမှု ထားဖို့က အရေးကြီးတယ်လို့ ဟန်ဆီဖလစ်က ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ၁၆ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင် အက်သလက်တီကိုနဲ့ စပါးအသင်းပွဲက အနိုင်ရတဲ့ အသင်းနဲ့ ကွာတားဖိုင်နယ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
လာလီဂါပြိုင်ပွဲမှာ ရီးရယ်လ်အသင်းကို ၁ မှတ် အသာရပြီး ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ အဆင့် ၃ နေရာက ဗီလာရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လိဂ်ပွဲအတွက် နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေပါ တယ်။
Source: besoccer
