CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ဝုလ်ဗ်စ်အသင်းဟာ အက်စတွန်ဗီလာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံး အသင်းဆိုတဲ့ မှတ်တမ်းဆိုးကို ရှောင်နိုင်ခဲ့ပါတယ်။ 

ဝုလ်ဗ်စ်အသင်းဟာ West Midlands ဒါဘီပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဒီရာသီ ပရီးမီးယားလိဂ် ၂၉ ပွဲ ကစားအပြီးမှာ ရမှတ် ၁၃ မှတ် ရရှိခဲ့တာပါ။ 

အဲ့ဒါကြောင့် ဝုလ်ဗ်စ်အသင်းဟာ ၂၀၀၇-၀၈ ရာသီက ဒါဘီအသင်းရဲ့ ပရီးမီးယားလိဂ် အနိမ့်ဆုံးရမှတ် ၁၁ မှတ်ကို ကျော်ဖြတ်ပြီး မှတ်တမ်းဆိုးကို ရှောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဝုလ်ဗ်စ်အသင်းဟာ အမှတ်ပေးဇယား အောက်ဆုံး နေရာမှာရှိနေပြီး တန်းဆင်းရဖို့ သေချာသလောက် ရှိနေပေ မယ့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒုတိယမြောက် နိုင်ပွဲကို ရယူနိုင်ခဲ့တာပါ။ 

နောက်ပိုင်း ကစားတဲ့ပွဲတွေမှာ ရလဒ်တွေဆိုးနေတဲ့ အက်စတွန်ဗီလာအသင်းဟာ ယူနိုက်တက်အသင်းကသာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရခဲ့ရင် အဆင့် ၃ နေရာကနေ ဆင်းပေးရတော့မှာ ဖြစ်ပါတယ်။ 

ဝုလ်ဗ်စ်နဲ့ အက်စတွန်ဗီလာအသင်း ယှဉ်ပြိုင်နေစဉ်

ဝုလ်ဗ်စ်အသင်း ဂိုးသမား ဂျိုဆေးဆာက “အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး ကစားသမားတိုင်း ကောင်း မွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ကျနော်တို့မှာ စရိုက်လက္ခဏာတွေ အများကြီးရှိတဲ့အတွက် တစ်ပွဲချင်းစီ ဆက်လက် တိုက်ပွဲဝင်ကာ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားမှာပါ။ ဂိုးမပေးရတာက တစ်သင်းလုံးအတွက် ကောင်းမွန်တယ်လို့” ပြောခဲ့ပါတယ်။ 

အက်စတွန်ဗီလာအသင်း ကွင်းလယ်လူ မော်ဂန်ရော်ဂျာစ်ကတော့ ပြီးခဲ့တဲ့ပွဲတွေမှာ အသင်းရဲ့ စွမ်းဆောင်ရည်က မကောင်းပေမယ့် နိုင်ပွဲတွေ ရရှိအောင် ပြန်လည် လုပ်ဆောင်ရတော့မှာဖြစ်လို့ ဒီနေရာမှာ ဘာကြောင့် ရှိနေသင့်လဲ ဆိုတာ ပြသဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: CNA