CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ သူတို့ရဲ့သမိုင်းမှာ ပထမဆုံးဥရောပ ဆုဖလားအဖြစ် ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ ဗယ်လက်ကာနိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ် အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၅၁ မိနစ်မှာ တိုက်စစ်မှူး မာတီတာက သွင်းယူခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကွန်းဖရန့်လိဂ်ဖလား ရယူနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရခဲ့ပေမယ့် ပိုင်ရှင်တစ်ဦးတည်းက ကလပ် အသင်း အများအပြားကို ပိုင်ဆိုင်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ကွန်းဖရန့်လိဂ်ကို ဆင်းပြီး ယှဉ်ပြိုင် ခဲ့ရတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဂလက်စ်နာက အခုအချိန်မှာ အသင်းဟာ သူတို့ရှိသင့်တဲ့ နေရာကို ရောက်ရှိ သွားခဲ့ပြီး ကလပ်၊ ကစားသမားတွေနဲ့ ပရိသတ်တွေဟာ သူတို့ထိုက်တန်တာကို ရခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်း အောင်ပွဲခံနေစဉ်
ဒီပွဲအပြီးမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာတော့မယ့် နည်းပြဂလက်စ်နာဟာ ကစားသမားတွေ မပါဝင်ဘဲ ဒီလိုမျိုး အောင်မြင်မှုတွေ ရယူနိုင်မှာ မဟုတ်တာကြောင့် ကစားသမားတွေကို ဂုဏ်ပြုရမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဂလက်စ်နာဟာ အင်္ဂလိပ် သတင်းထောက်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး နောက်နှစ် ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ် အသင်းအကြောင်း ရေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာပါ။
ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ အနိုင်ဂိုး သွင်းယူခဲ့တဲ့ မာတီတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ခရစ္စတယ်ပဲလေ့စ်အသင်း ကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ပါတယ်။
မာတီတာက သူဟာ အရာအားလုံး ပေးဆပ်ခဲ့ပြီး အခုအချိန်မှာ အလွန်ပျော်ရွှင်နေသလို ပရိသတ်တွေဟာ သူ့ကို ကစားသမား တစ်ဦးအနေနဲ့ရော အသင်းတစ်သင်း အနေနဲ့ပါ အများကြီး ထောက်ခံခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN
