CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၇
အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ နွေရာသီအပြောင်းအရွှေ့မှာ အက်စတွန်ဗီလာအသင်းကြယ်ပွင့် မော်ဂန်ရော်ဂျာစ်ကို ခေါ်ယူဖို့ အသင်းဘုတ်အဖွဲ့ကို ပြောခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အာတီတာဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားရရှိအောင် ကိုင်တွယ်ပေးပြီးနောက် နွေရာသီအပြောင်းအရွှေ့မှာ လူစာရင်းကို အားကောင်းအောင်ဖြည့်တင်းမှုတွေ ပြုလုပ်ချင်နေတာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ်တွေဝယ်ယူဖို့ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲခဲ့သလို လာမယ့်အပြောင်းအရွှေ့မှာလည်း ငွေကြေးအများအပြားသုံးစွဲနိုင်တာ ဖြစ်ပါတယ်။
အာတီတာက သူလိုချင်တဲ့ မော်ဂန်ရော်ဂျာစ်ကို ခေါ်ယူနိုင်အောင် လှုပ်ရှားဖို့ အသင်းကို ပြောထားတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းကလည်း မော်ဂန်ရော်ဂျာစ်ရဲ့ကိုယ်စားလှယ်တွေနဲ့ ကနဦးဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မော်ဂန်ရော်ဂျာစ်ကို တွေ့ရစဉ်
မော်ဂန်ရော်ဂျာစ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ကလည်း စိတ်ဝင်စားနေတာကြောင့် အာဆင်နယ်အသင်းဟာ သူတို့ထက်လက်ဦးမှုရယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။
အက်စတွန်ဗီလာအသင်းဟာ မော်ဂန်ရော်ဂျာစ်အတွက် ပြောင်းရွှေ့ကြေးအနည်းဆုံးပေါင်သန်း ၈၀ လိုချင်နေပြီး အသင်းတွေရဲ့ပြိုင်ဆိုင်မှုကြောင့် ပေါင်သန်း ၁၀၀ ကျော်အထိရောက်ရှိသွားနိုင်တယ်လို့လည်း ယုံကြည်နေပါတယ်။
မော်ဂန်ရော်ဂျာစ်ဟာ အက်စတွန်ဗီလာအသင်းနဲ့ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီး အသင်းကို ယူရိုပါလိဂ်ဖလားရယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်လည်း ကူညီပေးနိုင်ခဲ့တာပါ။
အဲဒါကြောင့် မော်ဂန်ရော်ဂျာစ်ဟာ အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာ ရွေးချယ်ခံရပြီး ပွဲထွက် လူစာရင်းထဲ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
