CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅

အာဆင်နယ်အသင်းနည်းပြ အာတီတာက ပွဲထွက်ခွင့်နေရာဆုံးရှုံးနေတဲ့ အင်္ဂလန်ဂိုးသမား ရမ်စဒေးလ် ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောလိုက်ပါတယ်။

အာတီတာက “အာရွန်ကို ကျနော်တို့နဲ့အတူ ဆက်ပြီးရှိစေချင်ပါတယ်။ အလွန်ကောင်းမွန်တဲ့ ဂိုးသမား ၂ ဦး ရှိတဲ့အတွက် ကျနော်ပျော်ရွှင်ပါတယ်။ ကျနော်သူတို့ကို ပိုပြီးကောင်းစေချင်တာကြောင့် ကျနော်တို့မှာ ရှိပြီးသားအရာတွေကို ထပ်ထည့်ချင်ပါတယ်။ ဒါက ကျနော်တို့ ရည်ရွယ်ထားတဲ့အရာပါ” လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီက ဘရန်ဖိုဒ့်အသင်းကနေ ဂိုးသမား ဒေးဗစ်ရာယာအငှားနဲ့ ရောက်ရှိလာပြီးကတည်းက ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းရဲ့ နံပတ်တစ်နေရာကို ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၄ ပွဲပါဝင်ကစားထားတဲ့ ရမ်စဒေးလ်ဟာ စက်တင်ဘာလ အစောပိုင်းကတည်းက အာဆင်နယ် အသင်းအတွက် ၃ ပွဲသာပါဝင်ကစားခွင့်ရခဲ့တာပါ။ လက်ရှိအချိန်မှာ နယူးကာဆယ်အသင်းဟာ ရမ်စဒေးလ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

နယူးကာဆယ်အသင်းရဲ့ နံပတ်တစ်ဂိုးသမား နစ်ပုပ်ဟာ ပခုံးဒဏ်ရာကြောင့် အနည်းဆုံး ၄ လ ဝန်းကျင် အနားယူ ရဖွယ်ရှိနေလို့ အာဆင်နယ်အသင်းဂိုးသမား ရမ်စဒေးလ်ဟာ သူတို့ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေခဲ့တာပါ။ ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းမှာ ပုံမှန်ကစားခွင့်ဆက်ပြီးဆုံးရှုံးနေမယ်ဆိုရင် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခွင့်ရဖို့ အခက်ကြုံတွေ့နိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် ရမ်စဒေးလ်ဟာ လာမယ့်ဇန်နဝါရီမှာ အာဆင်နယ်အသင်းကနေ အပြီးသတ်မဟုတ်ရင်တောင် အငှားနဲ့ ထွက်ခွာဖို့ ရှိနေတာပါ။

ရမ်စဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၃၈ ပွဲစလုံးပါဝင်ခွင့်ရခဲ့ပြီး ချန်ပီယံဆုအတွက် မန်စီးတီးအသင်းကိုစိန်ခေါ်နိုင်အောင် လက်စွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က ရှက်ဖီးယူနိုက်တက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ရမ်စဒေးလ်ဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၈၆ ပွဲပါဝင်ကစားထားတာဖြစ်ပါတယ်။

Source:BBC