CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာ စင်္ကာပူဘောလုံးအဖွဲ့ချုပ်နဲ့အတူ ၂၀၂၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပချင်နေတယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

ဂျိုကိုဝီဒိုဒိုက “ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ စိတ်ဝင်စားကြောင်း ကြေညာချက်ကို အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်(PSSI)နဲ့ စင်္ကာပူဘောလုံးအဖွဲ့ချုပ်(FAS)တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အင်ဒိုနီးရှားနဲ့ စင်္ကာပူတို့ဟာ ကောင်းမွန်တဲ့ အိမ်ရှင်တွေ ဖြစ်နိုင်တယ်ဆိုတာ ယုံကြည်တယ်”လို့ ဂျကာတာရှိ သတင်းထောက် တွေကို ပြောခဲ့ပါတယ်။

စင်္ကာပူဘောလုံးအဖွဲ့ချုပ်ကလည်း ၂၀၂၅ ခုနှစ်ထဲမှာ ကျင်းပမယ့် ဖီဖာ ယူ-၂၀ နဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို အင်ဒိုနီးရှားနဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ ဖီဖာထံ တင်ပြထားတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ယူ-၁၇ ချန်ပီယံ ဂျာမနီအသင်းကို တွေ့ရစဉ်

အင်ဒိုနီးရှားဟာ ၂၀၂၃ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ပေမယ့် အစ္စရေးအသင်း ပါဝင်မှုကို ကန့်ကွက်မှုကြောင့် ဖီဖာက အိမ်ရှင်အဖြစ် ပြုလုပ်ခွင့်ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အင်ဒိုနီးရှားနိုင်ငံက အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဂျာမနီအသင်းက ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

အိမ်ရှင် အင်ဒိုနီးရှားအသင်းဟာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Source: CNA