CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၈

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စရေး ပါဝင်နေတဲ့အပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ်နေတာကြောင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ဟာ ဖီဖာနဲ့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

ဒီလို ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် ပြိုင်ပွဲအတွက် မဲခွဲမှုပြုလုပ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာပါ။

အင်တာမီလန်အသင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ လက်ရှိ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ အဲရစ်သိုဟီရာ ဟာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဇူးရစ်ကို သွားရောက်မှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် အမှုဆောင် ကော်မတီ အဖွဲ့ဝင် အာရီယာက ပြောပါတယ်။

လေယာဉ်ပျံသန်းမှု အစီအစဉ်တွေကို ပြုလုပ်နေဆဲဖြစ်ကြောင်းနဲ့ ဖီဖာတာဝန်ရှိသူ ဘယ်သူနဲ့ တွေ့ဆုံ မလဲဆိုတာ ကိုတော့ အာရီယာက ပြောကြားခဲ့ခြင်း မရှိပါဘူး။

အင်ဒိုနီးရှားနိုင်ငံဟာ အခုနှစ် မေလ ၂၀ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ၂၄ သင်း ပါဝင်တဲ့ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲမှာ အစ္စရေး ပါဝင်လာတဲ့အပေါ် ကန့်ကွက်ဆန္ဒပြ ခဲ့ကြတာကြောင့် အင်ဒိုနီးရှား ဘောလုံးအဖွဲ့ ချုပ်ဟာ မဲခွဲမှု အစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အဲရစ်သိုဟီရာကိုတွေ့ရစဉ်

ဘာလီ အုပ်ချုပ်ရေးမှူး ဝါရမ်ကိုစတာက ပါလက်စတိုင်းနဲ့ ပဋိပက္ခကြောင့် အစ္စရေးကို ဘာလီမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုအောင် တားမြစ်တဲ့ မူဝါဒချမှတ်ဖို့ လူငယ်နဲ့ အားကစားဝန်ကြီးဌာနကို တိုက်တွန်းခဲ့တာပါ။

ဒါနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ကိုစတာရဲ့ရုံးက ချက်ချင်း တုန့်ပြန်ခြင်းမရှိခဲ့ဘဲ အစိုးရရဲ့ ရပ်တည်ချက်ကို လိုက်နာနေတယ်လို့ တနင်္လာနေ့က မီဒီယာတွေထံ ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ အစ္စရေးနဲ့ တရားဝင် သံတမန် ဆက်ဆံရေး မရှိတဲ့အတွက် မကြာသေးခင်က ဆန္ဒပြသူတွေဟာ ဂျကာတာထံ ချီတက်ဆန္ဒပြခဲ့ကြပြီး အစ္စရေးကို ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်မပြုဖို့ တောင်းဆိုခဲ့တာပါ။

ရိုက်တာ သတင်းဌာနကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အစ္စရေးအက်ဖ်အေထံ ဆက်သွယ် ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီလိုမဲခွဲမှုကို ဖျက်သိမ်းခဲ့တဲ့အတွက် အင်ဒိုနီးရှားဟာ ပြိုင်ပွဲ ကျင်းပခွင့် ဆုံးရှုံးသွားနိုင်သလို အားကစားပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့်ကနေ ထပ်ပြီး ပိတ်ပင်ခံရနိုင်တာပါ။

အင်ဒိုနီးရှားဟာ အစိုးရ ဝင်ရောက် စွက်ဖက်မှုကြောင့် ဖီဖာက ၂၀၁၆ ခုနှစ်၊ မေလအထိ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင် ခွင့် တစ်နှစ်ကြာ ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ကတော့ အစိုးရနဲ့ ဆွေးနွေးမှုပြုလုပ်ပြီး အဖြေတစ်ခု ရနိုင်ဖို့လည်း မျှော်လင့်နေ တယ်လို့ သိရပါတယ်။

Source: CNA