CNI International News

ဒန်ပါဆာ၊ ဖေဖော်ဝါရီ ၂၀

ဘာလီတွင် ဖမ်းမိခဲ့သည့် အီတလီ-သြစတြေးလျ ဝရမ်းပြေးတစ်ဦးကို အီတလီနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည် ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

၎င်းသည် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ အုပ်စုဖွဲ့ ရာဝဇတ်မှု ကျူးလွန်မှုတို့ဖြင့် ခုနစ်နှစ်ကြာ တိမ်းရှောင်နေသူ ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ် အန်တိုနီစတန်ဂျီယို (Antionio Strangio) သည် အင်တာပို၏ အနီရောင်အဆင့် ရာဇဝတ် သားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ ဘာလီသို့ ရောက်ရှိလာသည့် ဖေဖော်ဝါရီ ၃ ရက်တွင် ထိန်းသိမ်းခံခဲ့ရသည်။

မူးယစ်ရာဇာ စတန်ဂျီယိုကို ဖမ်းမိစဉ်(AP)

စတန်ဂျီယိုသည် ဆေးခြောက် ၁၆၀ ကီလိုဂရမ် မှောင်ခိုမှုဖြင့် အီတလီအစိုးရမှ အလိုရှိနေသူဖြစ်ကာ လုံခြုံရေး ဆိုင်ရာ အကြောင်းအရာများကြောင့် ၎င်းအား မည်သည့်အချိန်တွင် ပြည်လည် ပို့ဆောင်မည်ဆိုသည်ကို ထုတ်ဖော် ပြောဆိုရန် ဘာလီရဲတပ်ဖွဲ့က ငြင်းဆိုသည်။

သံသယရှိသူကို ရဲတပ်ဖွဲ့မှ လေဆိပ်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြသခဲ့ပြီး တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ၎င်းအား ထွက်ခွာရာ ခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။

စတန်ဂျီယိုသည် အနောက်ကမ္ဘာတွင် အရေးပါဆုံး ရာဇဝတ်အဖွဲ့အဖြစ် အီတလီအစိုးရရှေ့နေများက သတ်မှတ် ထားသော ndrangheta မာဖီးယားဂိုဏ်းနှင့် ဆက်စပ်နေသူ ဖြစ်သည်။

ndrangheta အဖွဲ့သည် ဥရောပနိုင်ငံများအတွင်း အထူးစစ်ဆင်ရေးများ လုပ်ဆောင်ကြပြီး ယင်း၏ အဖွဲ့ဝင်တိုင်း သည် သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် အမှုစစ်ဆေး ကြားနာမှု လုပ်ဆောင်နိုင်သည့် အနီရောင် အဆင့် ရာဇဝတ် သားများ ဖြစ်သည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ နိုင်ငံတကာမှုခင်းဌာနခွဲမှ အရာရှိတစ်ဦးဖြစ်က သတင်းထောက် များကို ပြောခဲ့သည်။

Source: AP