CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင်မင်းစိုးနှင့် စစ်သည် ၂ ဦးသည် အလယ်ပိုင်းတိုင်းစစ်ဒေသအမှတ်(၁၀၁) တပ်ရင်းမှ ရဲဘော်များ အား လျှို့ဝှက်စွာ ဖဲ့ထုတ်သွေးခွဲခြင်းနှင့် ကြံစည်စည်းရုံးခြင်းများ ပြုလုပ်သည်အတွက် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အမှတ်(၁၀၁)တပ်ရင်းက ဖမ်းဆီးထားကြောင်း သိရသည်။

ALP ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ခိုင်မင်းစိုးနှင့် စစ်သည် ၂ ဦးသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့က စစ်တွေ လေဆိပ်သို့ ရောက်ရှိစဉ် ဒေါ်စောမြရာဇာလင်းက အကြောင်းကြား၍ မြန်မာ့တပ်မတော်မှ ဖမ်းဆီး၍ လက်ရှိ ALP/ALA အမှတ်(၁၀၁) တပ်ရင်းတွင် ဖမ်းဆီးထားသည်ဟု သိရကြောင်း၊ ထိုလုပ်ရပ်သည် ပါတီ၏ လုပ်ထုံးလုပ် နည်းနှင့် မညီသဖြင့် ဗိုလ်မှူးချုပ် ခိုင်မင်းစိုးနှင့် စစ်သည် ၂ ဦးအား ချက်ချင်းလွှတ်ပေးရန် ညွှန်ကြားအပ်သည်ဟု ALP ဥက္ကဋ္ဌ ခိုင်ရဲခိုင်က ဒေါ်စောမြရာဇာလင်းသို့ လိပ်မူကာ စာပေးပို့ခဲ့သည်။

ထို့နောက် ဒေါ်စောမြရာဇာလင်းက ALP ဥက္ကဋ္ဌ ခိုင်ရဲခိုင်သို့ အကြောင်းပြန်စာတစ်စောင်ပေးပို့ခဲ့ကြောင်း သိရသည်။

 ဒေါ်စောမြရာဇာလင်းထံ ခိုင်ရဲခိုင် ညွှန်ကြားသည့် စာကိုတွေ့ရစဉ်

ထိုစာထဲတွင် ဗိုလ်မှူးချုပ် ခိုင်မင်းစိုးသည် အလယ်ပိုင်းတိုင်းစစ်ဒေသ အမှတ်(၁၀၁) တပ်ရင်းမှ ရဲဘော်များအား လျှို့ဝှက်စွာ ဖဲ့ထုတ်သွေးခွဲခြင်း၊ ကြံစည်စည်းရုံးခြင်း တို့ကို ပြုလုပ်ခြင်းမှာ တပ်ခေါင်းဆောင်၊ ပါတီ ခေါင်းဆောင် တစ်ဦး၏ လုပ်ဆောင်ချက်နှင့်လုံးဝ မကိုက်ညီကြောင်း၊ ပါတီ/တပ်မတော်တို့သည် လုပ်ရိုးလုပ်စဉ်အတိုင်းသာ ပွင့်လင်းစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တဖက်စောင်းနင်း မလုပ်သင့်ကြောင်း ထည့်သွင်း ပြောကြားထား သည်။

“ မိမိသည် ဒုတိယဥက္ကဋ္ဌ တစ်ဦးအနေဖြင့် လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဒေသခိုင်မြဲ၍ တိုးတက်ရေးကို လည်းကောင်း၊ လုပ်ဆောင်နေသူဖြစ်ပါသည်။ ထိုနည်းတူ တပ်မှူး၊ ရဲဘော်များသည်လည်း ဤသို့ပင် ကြိုးစားနေကြပါသည်။ အလယ်ပိုင်းတိုင်း စစ်ဒေသ၏ ခိုင်မြဲမှုသည် ALP ၏ ခိုင်မြဲမှုကိုပြသနေခြင်းပင် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်၊ NCA လက်မှတ်ရေးထိုးခဲ့ခြင်းနောက်တွင် စစ်တွေမြို့၌ ရုံးစိုက်ခွင့်ရလာသည်။ အစိုးရနှင့် တရားဝင် ပြောဆိုဆွေးနွေးခွင့်ရလာသည်။ NCA လက်မှတ်ရေးထိုးထားသော ALP ၏ လားရာလမ်းကြောင်းအတွက် အချက်အချာကျပါသည်။ ရဲဘော် ၅ ဦးအား လျှို့ဝှက်စွာ ကြံစည်စည်းရုံး ဖဲ့ထုတ်သည်မှာ များစွာ စိတ်ပူပန်ရပါ သည်။ ၅ ဦးထွက်က နော်ရဲဘော်များ ထိန်းသိမ်းရ အလွန်ခက်ခဲလာမည်။ ရဲဘော်တစ်ဦးကို စည်းရုံးရသည်ပင် မလွယ်ကူပါ”ဟု ၎င်း စာထဲတွင် ပြောကြားထားသည်။

 ခိုင်ရဲခိုင်ထံ ဒေါ်စောမြရာဇာလင်း ပြန်လည် အကြောင်းပြန်သည့် စာကိုတွေ့ရစဉ်

ထို့နောက် စစ်ဦးစီးချုပ် လုပ်ကြံခံရအပြီး တပ်တွင်း စည်းလုံးညီညွတ်မှု ခိုင်မြဲမှုကို အထူးဂရုစိုက်လုပ်ဆောင်နေရသော ကာလဖြစ်ကြောင်း၊ ဤကာလတွင် ရဲဘော်များကို “မနေချင်သူ၊ လာချင်သူလား၊ ငါလည်း လာချင် က လာမည်”ဟု အစည်းအဝေးတွင် တပ်ချုပ်ဟု ကင်ပွန်းတပ်ခံထားရသူ မပြောအပ်ပါကြောင်း၊ ခေါင်းဆောင် တစ်ဦး အနေနှင့် “ငါလာမည်ကို နှောင့်ယှက်ပါက တပ်တစ်ခုလုံးကို ဖြိုပစ်ခဲ့မည်”ဟုလည်း မပြောရပါကြောင်း၊ တပ်တစ်ခုကို ဖဲ့ထုတ်စည်းလုံးမှု မလုပ်သင့် မလုပ်အပ်ပါကြောင်း၊ ဤသို့ လုပ်ဆောင်ခြင်းသည် တပ်ရင်း တစ်ခု လုံးကို ဖြိုခွဲရာ ရောက်ပါကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူ၏ လုပ်ရပ်များနှင့် ပတ်သက်၍လည်း ပြောစရာများစွာ ရှိပါ ကြောင်း၊ ယင်းတပ်သားများကို ဖဲ့ထုတ် စည်းရုံးခြင်းသည် တပ်ဥပဒေနှင့် လုံးဝကွဲလွဲ ဆန့်ကျင်သည့်အပြင် တပ်ရင်း တစ်ခုကို ဖြိုခွင်းရာ ရောက်ပါကြောင်း ဒေါ်စောမြရာဇာလင်းက ALP ဥက္ကဋ္ဌ ခိုင်ရဲခိုင်ထံသို့ ပြန်ကြားစာ ရေးသား ပေးပို့ခဲ့သည်။

အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းထံသို့ CNI သတင်းဌာနက ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ALP သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တခြားသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အ တူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် ရခိုင်လက်နက်ကိုင် အဖွဲ့ဖြစ်သည်။