CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မိမိတို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီဝင်များ မရှိကြောင်း ALP မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

စက်တင်ဘာ ၉ ရက်က မောင်တော၊ ၄ မိုင် (နခခ-၂) လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ALP နှင့်ဆက်စပ်နေသူ များ သေဆုံးမှုအတွင်း ပါဝင်သွားသည်ဟု ပြောဆိုမှုမှာ မမှန်ကန်ကြောင်း၊ ၂၀၂၀ ခုနှစ် ကတည်းက မိမိတို့ တပ်ဖွဲ့ဝင်များ အဆိုပါ ဒေသတွင် မရှိကြောင်း ၎င်းက ပြောသည်။

ALP မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက “မောင်တောဧရိယာမှာ ALP တပ်ဖွဲ့ဝင်တွေ မရှိဘူးလို့ ကျမတို့ ပြောချင် တယ်၊ မရှိဘူးလို့ ပြောလို့ရတယ်။ ALP ဟာဆိုလို့ရှိရင် ၂၀၂၀ လောက်ကတည်းက အဲဒီနေရာမှာ ကျမတို့ မရှိ တော့ဘူး။ ဘာကြောင့်လဲဆိုလို့ရှိရင် ဖမ်းဆီးမှုတွေ များတယ်၊ အခက်အခဲမျိုးစုံ ရှိတယ်ဆိုတော့ အဲဒီဖက်ကနေပြီး မှ ကျမတို့ လူတွေက ထွက်ခွာလာကြတာတွေ ရှိတယ်။ နောက်ပြီးလို့ရှိရင် Indian Border ဖက်က ထွက်လာကြ တဲ့ သူတွေဆိုလို့ရှိရင်လည်း လမ်းခုလတ်မှာ AA ရဲ့ ဖမ်းဆီးမှုကို ခံသွားရတဲ့သူတွေ အများကြီးရှိတယ်။ အခုရှိတဲ့ နေရာ အခုဗုံးကြဲခံရတဲ့နေရာမှာ ALP ကနေပြီးမှ ဆက်စပ်တဲ့သူတွေရှိတယ်၊ စစ်သုံ့ပန်းတွေရှိတယ်၊ အဲဒီလို ပုံစံမျိုး ကတော့ မရှိဘူးလို့ပဲ ကျမ ပြောချင်တယ်။ လွန်ခဲ့တဲ့နှစ်က ခိုင်ချင်းလင်းဆိုတာ တစ်ယောက် ALP က အရပ်သား ရဲဘော်တစ်ယောက်ကို AA က ဖမ်းသွားတာ ရှိတယ်။ အဲဒီလူက အခု ဗုံးကြဲခံရတဲ့နေရာမှာ ရှိတယ်လို့ ကျမတို့ မယူဆဘူး။ သူ့ကို တောနက်တစ်နေရာမှာ ခေါ်သွားတယ်လို့ပဲ ကျမတို့က ယူဆတယ်။ အဲဒါကြောင့်မို့လို့ အခု ထုတ်ပြန်ချက်မှာ ဆိုလို့ရှိရင် ကျမတို့က ARSA တို့ ဘာတို့နဲ့ ရောပါနေသယောင်ယောင် ပြည်သူတွေ ဖြစ်မှာစိုးရိမ် တယ်၊ ကျမတို့က ဒီနေရာမှာ ကျမတို့လူတွေ ပါတယ်လို့ ပြောခြင်းဟာ မမှန်ကန်ဘူးလို့ပဲ ကျမ ပြောချင်ပါတယ်” ဟု ပြောသည်။

 ALP တပ်ဖွဲ့ကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့ ညပိုင်းက မောင်တော၊ ၄ မိုင် (နခခ-၂) စခန်း (စစ်သုံ့ပန်းများနှင့် တခြား အကျဉ်းသားများအား ခေတ္တထိန်းသိမ်းထားသည့်နေရာ)  ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါနေရာရှိ AA ထိန်းသိမ်းထားသော စစ်သုံ့ပန်းများ၊ ARSA ၊ RSO  မူဆလင် လက်နက်ကိုင်တပ်ဖွဲဝင်များ၊ စစ်သင်တန်းဆင်း မူဆလင် လက်နက်ကိုင်များ အပါအဝင် အများအပြား သေဆုံးသွားကြောင်း အာရက္ခတပ်တော်(AA)က စက်တင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့သည်။

အလားတူ ULA/AA အဖွဲအစည်းနှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ALP နှင့် ဆက်စပ်နေသောသူများနှင့် သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသူများလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗုံးကြဲခံရမှုအတွင်း မိမိတို့ ALP ပါတီဝင် ရှိနေခြင်းဟု ဆိုခြင်းက မဖြစ်နိုင်ကြောင်း၊ ယခင်က ဖမ်းဆီးခံထားသော သူများမှာ မောင်တောတွင် ရှိနေသည်ဟု မထင်မိကြောင်း ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြော သည်။

ALP တပ်ဖွဲ့၀င်များနဲ့ ထောက်ခံသူများကို တွေ့ရစဉ်

၎င်းက “ကျမတို့လူတွေကို အရင်ဖမ်းထားတဲ့ လူတွေက အခုပြောတဲ့ မောင်တောမှာ အခုဗုံးကြဲခံရတဲ့အထဲမှာ ရှိတယ်ဆိုတာက မဖြစ်နိုင်ဘူး၊ ကျမတို့ အရင်က ကျမတို့လူတွေကို ဖမ်းထားတယ်ဆိုတာ ဒီနေရာမှာတော့ ကျမ တို့ မထင်ဘူး။ တခြားနေရာတွေ ရှိတာပေါ့၊ ပုဏ္ဏားကျွန်းတို့ဖက်မှာ နောက်ပြီး ဘူးသီးတောင်နဲ့ ရသေ့တောင်ကြား ထဲမှာ အဲဒီနေရာတွေမှာ ရှိနိုင်တယ်လို့ပဲ ကျမတို့ ထင်ပါတယ်။ အခုက အဲဒီလူတွေက သေသွားပြီလား ပျောက် သွားပြီလား ကျမတို့ ဘာမှ မပြောနိုင်ပါဘူး။ အခုမောင်တောမှာ စစ်သုံ့ပန်းတွေ ထားတဲ့နေရာဆိုတာက မကြာခင် က ဘူးသီးတောင်နဲ့ မောင်တောဖက်မှာ လောလောလတ်လတ် တိုက်ပွဲဖြစ်တဲ့အခါမှာ ဖမ်းဆီးခံရတဲ့လူတွေ ပြီးလို့ ရှိရင် သူတို့တွေရဲ့ မသင်္ကာမှုတွေနဲ့ ဖမ်းထားတဲ့ သူတွေသာလျှင် ဖြစ်နိုင်တယ်လို့ ကျမ ယူဆပါတယ်။ အဲဒီထဲမှာ တော့ လူမျိုး မရွေး၊ ဘာသာမရွေး ပါနိုင်တာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ရခိုင်လူမျိုးကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့ကို အခြေပြု၍ ရခိုင်တောင်ပိုင်းဒေသ၌ အဓိကထား လှုပ်ရှားနေကြောင်း သိရသည်။