CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀

ရက္ခိုင့်တပ်တော်(AA)က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုကော်မတီဝင် ခိုင်မြသာကို ဖမ်းဆီးသွားခဲ့ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့တွင် ALP မှ ထုတ်ပြန်ခဲ့သည်။

ခိုင်မြသာ အား သူ၏ အမျိုးသမီးနေထိုင်ရာ အိန္ဒိယနိုင်ငံ၊ မီဖိုရမ်(မြန်မာနယ်စပ်) ရွာသစ်ကျေးရွာတွင် နိုဝင်ဘာ ၇ ရက် မင်္ဂလာဆောင်သည့်နေ့ ညနေဖက်တွင် AA မှ လူ့ကျင့်ဝတ်ကင်းမဲ့စွာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု ALP ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ALP က “ ခိုင်မြသာသည် အိန္ဒိယနိုင်ငံ တရိပူရတွင် မွေးဖွားကြီးပြင်းသော ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး ရခိုင်ပြည်အတွက် ငယ်စဉ်ကတည်းက သူတတ်နိုင်သည့်ဖက်မှ အားတက်သရော လုပ်ဆောင်လာသူဖြစ်သည်။ ULA/AA ၏ ဤသို့ ပြုမူ လုပ်ဆောင်ချက်များသည် ရခိုင်ပြည်ရှိ နိုင်ငံရေး အင်အားစုများအကြား ညီညွတ်ရေးကို ပျက်ပြားစေသည် သာမက အိန္ဒိယ နိုင်ငံနေ ရခိုင်လူမျိုးများနှင့် ရခိုင်ပြည်ရှိ ရခိုင်လူ့အသိုင်းအဝိုင်းနှစ်ခုအကြား ချစ်ခင်မှု၊ စည်းလုံး ညီညွတ်မှုတို့ကိုပါ ထိပါး ပျက်စီး စေသည်”ဟု ပြောသည်။

 AA တပ်ဖွဲ့ကိုတွေ့ရစဉ်

AA သည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လက ALP ပါတီ ဗဟိုအလုပ်အမှုဆောင် ခိုင်ပေါ်လင်းနှင့် မိသားစုဝင် ဖြစ်သော အဋ္ဌမတန်း ကျောင်းသား မောင်စိုးမင်းနိုင်တို့ကို စစ်တွေမြို့ရှိ ၎င်းတို့ နေအိမ်မှာ ဖမ်းဆီးသွားခဲ့သလို မြောက်ဦးမြို့နယ်အတွင်း သီတင်း သုံးနေထိုင်သည့် ပါတီနှင့်ဆက်စပ်သော သံဃာတော် ၄ ပါးကို ဖမ်းဆီးထားသည်။

ထို့နောက် AA သည် သြဂုတ်လအတွင်း ALP ပါတီ ၁၆ ဦးကို ဖမ်းဆီးခဲ့သလို ယခုလ (နိုဝင်ဘာ ၇ ရက်)တွင် ခိုင်မြသာ ကိုဖမ်းဆီးသွားခဲ့ခြင်းကြောင့် စုစုပေါင်း ၁၇ ဦး ဖမ်းဆီးကြောင်း ALP က ထုတ်ပြန်ခဲ့သည်။

AA သည် ရခိုင်ပြည်ရှိ တခြားသော နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ခေါင်းဆောင် များအား ဖမ်းဆီးခြင်းများ များပြားလာသည်ကို တွေ့နေရသည့်အတွက် AA ၏ လုပ်ဆောင်ချက်ကို ပြင်းထန်စွာ ကန့်ကွက် ကြောင်း၊ ရခိုင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်မည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် တိုက် တွန်းကြောင်း ALP က ထုတ်ပြန်ခဲ့သည်။

ALP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ရခိုင် လက်နက်ကိုင် ဖြစ်ပြီး AA ကမူ NCA မထိုးရသေးဘဲ ညှိနှိုင်းမှုများ ရှိခဲ့သော ရခိုင်လက်နက်ကိုင် ဖြစ်သည်။