CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၀
လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ အကြား ညှိနှိုင်းဆွေးနွေးမှု မရှိပါက နေရာဒေသအနှံ့ ဖြစ်ပွားလာနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သို့ ပြောသည်။
ယခင်က တပ်မတော်နှင့် AA တို့ နှစ်ဖက်အကျိုးအရ နားလည်မှုဖြင့် အပစ်ရပ်ထားကြောင်း၊ စာချုပ်စာတမ်းဖြင့် ချုပ်ဆိုထားခြင်း မရှိသည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။
ဦးဖေသန်းက “အခုလို မဖြစ်ခင်လည်း တစ်ဖက်နဲ့ တစ်ဖက် သတိပေးထားတာတွေ ရှိတယ်ပေါ့။ ဗိုလ်ချုပ် ဇော်မင်းထွန်း တို့ကလည်းပဲ ဒီလိုတိုက်ပွဲတွေ ဖြစ်လာမယ်ဆိုရင် ငါတို့ကို အဆိုးမဆိုနဲ့ဆိုတဲ့ ပြည်သူတွေကို ခြိမ်း ခြောက်တဲ့ စကားမျိုးတွေ ပြောထားဖူးတယ်။
ULA/AA ဖက်ကလည်း သူတို့ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ ကို ထိပါးနှောက်ယှက်နေတဲ့အတွက် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ပြည်သူကို သတိပေးထား တာ ရှိတယ်၊ ဆိုတော့ ဒီအခြေအနေမျိုးမှာ ဆက်ပြီးတော့ ဖြစ်လာဦးမယ်လို့ ကျနော်ထင်တယ်၊ နေရာတစ်ခုမှာပဲ တိုက်ပွဲက တနေရာမှာ ငါတို့ဖြစ်ကြမယ်၊ နောက်နေရာမှာ မဖြစ်နဲ့ ဆိုတဲ့ပုံစံမျိုး တားလို့မရဘူး။ ဒါက အားလုံး ဆက်စပ် နေတယ်ဆိုတော့ မြောက်ဦးမှာ ဖြစ်လာပြီဆိုရင်တော့ ရခိုင်ပြည် အလယ်ပိုင်းပေါ့၊ တောက်လျှောက် နောက်တောင်ပိုင်းအထိ ရောက်သွားနိုင်တယ်၊ ဒီစစ်အရှိန်ကတော့ ဗြုန်းစားကြီးပေါ့နော်၊ နှစ်ဖက်ပြန်ပြီးတော့ ညှိနှိုင်းဆွေးနွေးမှု မရှိဘူးဆိုရင်တော့ စစ်ရှိန်က ပိုပြီးတော့ မြင့်လာပြီးတော့ ဒီနေရာဒေသအနှံ့ ဖြစ်လာနိုင်တယ် ပေါ့။ ပြည်သူတွေလည်း အများကြီး ဒုက္ခရောက်နိုင်တဲ့ အခြေအနေမျိုး ရှိပါတယ်” ဟု CNI သို့ ပြောသည်။
၂၀၁၈ ခုနှစ်က တပ်မတော်နဲ့ AA တိုက်ပွဲကြောင့် ပလက်၀ ဒေသခံများ တိုက်ပွဲရှောင်ခဲ့ရစဉ်
တပ်မတော်နှင့် AA တို့ ပလက်ဝ (ချင်းပြည်နယ်)၊ မောင်တော (ရခိုင်ပြည်နယ်)တို့တွင် တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့ပြီးနောက် ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး စသည့် မြို့နယ်များအတွင်းမှာပါ ဆက်စပ် ဖြစ်ပွားလာခဲ့ ကြသည်။
ထို့နောက် ဩဂုတ်လ ၂၈ ရက်က မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာသို့ လက်နက်ကြီး ပစ်ခတ်ခံရပြီး ဒေသခံ ပြည်သူ ၃ ဦး သေဆုံးကာ ၅ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
တပ်မတော်နှင့် AA တို့ စေ့စပ်ညှိနှိုင်း၍ မရပါက တိုက်ပွဲ ပိုမို ဖြစ်ပွားလာနိုင်သည့်အတွက် ကျေးလက်နေ ပြည်သူ များအနေဖြင့် အသွားအလာ သတိထားရန်နှင့် ပုန်းခိုကျင်းများ တူးထားရန် လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသား ကွန်ကရက် (REC) မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက CNI သို့ ပြောသည်။