CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံများမှ စိုးရိမ်နေကြောင်း သိရသည်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့် ‌ဒေသများမှာ ကမ္ဘာ့အာရုံစိုက်မှုနှင့် အလွန်အရေးကြီးသည့် ပထဝီနိုင်ငံရေးအရ ထိလွယ်ရှလွယ် နယ်မြေဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က CNI သို့ ပြောသည်။

ဒေါက်တာအေးမောင်က “ဗမာပြည်ရဲ့ အနောက်ဖက်ကမ်းဒေသက ဖြစ်လာတဲ့ စစ်မီးပွားတဲ့ နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံ ရေး၊ ရာသီဥတုမုန်တိုင်းကို ဘယ်လိုကာမှာလဲ ဘယ်လို ဖြေရှင်းမှာလဲ ဆိုတဲ့ အလွန်တရာ အရေးကြီးတဲ့ မဟာဗျူဟာဆိုင်ရာ အထိအစောင်းမခံနိုင်တဲ့ အလှည့်အပြောင်းလေး တစ်ခုကို ရောက်တော့ အားလုံးဘက်က အနာဂတ်ကို တွေးပြီးမှ သေသေချာချာ စေ့စပ်ဖြေရှင်းဖို့ အဲဒီနည်းနဲ့ ရနိုင်ပါဦးမလား ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာ ပြည်သူတွေကဖြင့် စိုးရိမ်ကြတာပေါ့။ အဲဒီလက်ရှိ အနေအထားပါ” ဟု ပြောသည်။


ရသေ့တောင်မြို့နယ်တွင် AA ၏ တပ်စခန်းများကို ဩဂုတ် ၂၅ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာရန် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တပ်မတော်မှ ခေါ်ယူ သတိပေးခဲ့ကြောင်း သိရသည်။

အငူမော်လမ်းပေါ်က ရဲစခန်း (CJ)

တပ်မတော်က AA တပ်စခန်း ဖယ်ရှားရန် ပြောဆိုပြီးနောက် နှစ်ဖက် တင်းမာမှုများဖြစ်နေကြောင်း၊ ထိုတင်းမာမှု ကြောင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ပြားချောင်းကြီး အနီးအနားမှ ကျေးရွာ ၄ ရွာက ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်မှုများရှိနေကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှ ပြည်သူများသည် အခြားကျေးရွာရှိ မိသားစု၊ ဆွေးမျိုးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် တိမ်းရှောင်နေကြောင်း၊ စားဝတ်နေရေးနှင့် နေရေးထိုင်ရေးတွင် အခက်အခဲ ရှိနေကြောင်း ရသေ့တောင်မှ တိုက်ပွဲ ရှောင်တစ်ဦးက CNI သို့ ပြောသည်။

၎င်းက “ကျနော်တို့ကတော့ သိပ်ပြီးတော့ မလိုလားပါဘူး။ တစ်ဖက်နဲ့ တစ်ဖက် အဆင်ပြေစေချင်တယ်၊ အဆင် ပြေမှလည်း ဒီလောက် ဘယ်လိုပြောမလဲ ကုန်ဈေးနှုန်း ကြီးမာနေချိန်မှာ တိုက်ပွဲကလည်း ရှောင်နေရတာ အလုပ် ကလည်း မလုပ်ရ၊ တိုက်ပွဲက‌တော့ မဖြစ်စေချင်ဘူး။ နှစ်ဖက် အဖွဲ့အစည်းကလည်း အမြန်ဆုံး အဆင်ပြေစေချင် တယ်၊ အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မောင်တောသွားလမ်းကြောင်း (CJ) 

ထို့အတူ တပ်မတော်နှင့် AA တို့ သြဂုတ်လ ၁၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ရေချမ်းပြင်-အငူမော်-မောင်တောလမ်းနှင့် မောင်တော-ကြိမ်ချောင်းလမ်းတွင် ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည် စီးဆင်းမှုကို တပ်မ‌တော်ဘက်က ကန့်သတ်ပိတ်ထားလိုက်သည်။


လက်ရှိတွင် ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် AA တို့ အကြား နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသည်။

သို့သော်လည်း အုပ်ချုပ်ရေးယန္တရား အားပြိုင်မှုနှင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ အလားတူ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် AA တို့အကြား အပြန်အလှန် ဖမ်းဆီးမှုများလည်း ရှိနေသည်။