CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)မှ လွဲပြီး တခြား လက်နက်ကိုင်တပ်ဖွဲ့များ မလိုအပ်ဟု ULA/AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သြဂုတ် ၁၁ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ သည်။

ULA/AA သည် နိုင်ငံရေးအဆင့်အတန်းအနေဖြင့် ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုးရရှိလိုကြောင်း၊ ရခိုင်ပြည် နယ်တွင် ULA/AA မှလွဲပြီး တခြားသော တော်လှန်ရေးတပ်ဖွဲ့များ အခြေစိုက်ခွင့် မပြုလိုသော သဘောထားများ ထုတ်ဖော်လာခဲ့သည်။

ထို့နောက် တပ်မတော်နှင့် NUG ကြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့၏ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုးကို တောင်းဆိုမှုအပေါ် မည်သို့ စဉ်းစားထားချက်များ ရှိသနည်းဟု မေးခွန်းထုတ်မှုများလည်း ရှိလာနေသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့၏ ကွန်ဖက်ဒရေးရှင်း ပုံစံဆန်သော သဘောထားများ ရှိလာသည့် အပေါ်မှာ NUG အနေဖြင့် လောလောဆယ် ညှိနှိုင်းဖြေရှင်းနိုင်စွမ်း မရှိသေးကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သို့ ပြောသည်။

ALP နဲ့ AA ခေါင်းဆောင်တို့ကိုတွေ့ရစဉ်

ဦးသန်းစိုးနိုင်က “ကျနော်ကတော့ အဲဒါဟာ ရခိုင်အမျိုးသားတွေရဲ့ အကျိုးစီးပွားအတွက် အကျိုးမရှိဘူး။ နောက် ပြီးတော့ ရခိုင်အမျိုးသားတွေကို အခြေခံ ဒီမိုကရေစီ အခွင့်အရေးတွေ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ပေးမယ် ဆိုလို့ရှိရင် အဲဒီ သဘောထားတွေ မထားသင့်ဘူးလို့ပဲ ယူဆပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ဒီကာလမှာ အဲဒီ လို သဘောထားတွေနဲ့ ရခိုင်အမျိုးသားတွေ ရခိုင်နိုင်ငံရေးပါတီတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးကို ကျနော်တို့ အသိ အမှတ်ပြုတဲ့အနေနဲ့ အခု AA ပြောနေတဲ့ သဘောထားဟာ ကျနော်တို့ ဒီမိုကရေစီ နည်းမကျတဲ့ ချဉ်းကပ် ဖြေရှင်းမှု ဖြစ်တဲ့အတွက် ကျ‌နော်တို့ အနေနဲ့တော့ မသင့်လျှော်ဘူးလို့ သုံးသပ်တဲ့အကြောင်း ပြောတာပါခင်ဗျ” ဟု ပြောသည်။
ထို့အတူ မြန်မာပြည်၏ အရေးကြီးသည့် နိုင်ငံရေး အင်အားစုများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် စသည့် ပုဂ္ဂိုလ်များ၏ သဘောထားများ မသိရှိနိုင်‌သေးသည့်အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် မရေးဆွဲနိုင်သေးသည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ပြောသည်။
AA အနေဖြင့် ၎င်းတို့လိုချင်သည့် ကွန်ဖက်ဒရိတ်(ကွန်ဖက်ဒရေးရှင်း)မှာ အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း၊ ၎င်း နိုင်ငံရေး အဆင့် အတန်း မရပါက ရသင့်ရထိုက်သည့် အခွင့်အရေးအတွက် တိုက်ပွဲဝင်သွားမည်ဆိုသည့် စကားမျိုး ပြောကြားဖူးကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

ဦးဖေသန်းက “သူတို့ကတော့ ကွန်ဖက်ဒရိတ်ကို လိုချင်တယ်၊ ကွန်ဖက်ဒရိတ်ကို ဆန့်ကျင်ရင်တော့ အဲဒီအဖွဲ့တွေနဲ့ သူတို့ ရန်သူတို့ သတ်မှတ်တယ်ဆိုတဲ့ စကားမျိုး ပြောသွားတယ်လေ။ သူတို့လိုချင်တဲ့ ကွန်ဖက်ဒရိတ်ကတော့ အနိမ့်ဆုံးအဆင့်ပေါ့။ အဲဒါလည်း အရင်လည်း စစ်ဦးစီးချုပ်လည်း ပြောထားပြီး ဖြစ်ပါတယ်၊ ဒီကိစ္စ။ သူတို့လိုချင်တဲ့ နိုင်ငံရေး အဆင့်အတန်းမှ မရ ရင်တော့ သူတို့အနေနဲ့ နိုင်ငံတကာနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရအောင် တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ စကားမျိုးတော့ ပြောဖူးတာပေါ့နော်။ ဆိုတော့ သူတို့လိုချင်တဲ့ အမြင့်ဆုံး အဆင့်အတန်းက ကွန်ဖက်ဒရိတ်လို့ ကျနော်တို့ နားလည်လို့ ရတာ ပေါ့” ဟု ပြောသည်။

လက်ရှိ အနေအထားအရ AA လိုချင်သည့် ပုံစံကို တပ်မတော်နှင့် NUG တို့ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း၊ AA လိုချင် သည့် ပုံစံနှင့် ပေးနိုင်မည့် အနေအထားကို ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

AA လိုချင်သည့် ကွန်ဖက်ဒရိတ်(ကွန်ဖက်ဒရေးရှင်း)မှာ လက်ရှိ ဖြစ်နေသည့် ပြဿနာကို ပိုမိုကြီးစေကြောင်း သေနင်္ဂမဟာ ဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကို တွေ့ရစဉ်

ဦးသိန်းထွန်းဦးက “အဲဒီစကားရပ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကွန်ဖက်ဒရိတ်ဆိုတဲ့ စကားလုံး သုံးထားတဲ့ အတွက်ကြောင့် သေချာတာကတော့ ရခိုင်ဘက်ကနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးပိုင်းဆိုင်ရာမှာ ပြဿနာတက်ဖို့ များလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဆိုတဲ့ဟာတောင်မှ အချင်းချင်းကြားထဲမှာ နားလည်မှုရအောင် အတော်လေး ကြိုးစားခဲ့ရတာလေ၊ ကွန်ဖက်ဒရိတ်ဆိုတာ ဖက်ဒရယ်ရဲ့ ဟိုဘက်ကို အရမ်းလွန်သွားပြီ။ ဒီလောက်လွန်နေတဲ့ အခွင့်အရေးကို ချက်ချင်း သူတို့တောင်းနေတယ်ဆိုတာ သူတို့အတွက်တော့ အရမ်းများသွားပြီ။ သိပ်လွယ်မှာ မဟုတ်တဲ့အပြင် လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေ ပိုပြီး ကြီးစေတဲ့ အနေအထားလို့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုးအဖြစ် ဆန္ဒရှိကြောင်း ULA/AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောကြားထားသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ်၊ ULA/AA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ အာဆာ (ARSA) စသည့် လက်နက်ကိုင်ထားသော အင်အားစုများ လှုပ်ရှားလျက်ရှိသည်။