CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂

ရခိုင်ပြည်နယ်တွင် ရခိုင်မဟုတ်သော လူမျိုးနှင့် မျိုးနွယ်စုများအကြား သပ်လျှိုဖြိုခွဲသော နည်းလမ်း၊ အချိုသပ် မက်လုံးပေး သော နည်းလမ်းများကို အသုံးပြု၍ လူမျိုးရေးပဋိပက္ခများ ဖန်တီးရန် ကြိုးစားနေသည်ကို သတိထားဆင်ခြင်ရန် ရက္ခိုင့် တပ်တော် (ULA/AA)က ဇွန်လ ၂၁ ရက်တွင် ထုန်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်က မောင်တောမြို့နယ်၊ သင်္ဘောလှရွာ၊ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် လက် ထောက် ဆရာမ တို့အား ဖမ်းဆီးမှု ဖြစ်စဉ်များ ရှိဖြစ်ပွားခဲ့သလို ပေါက်တော်မြို့နယ်၊ ကြိမ်နီပြင်ရွာမှ မူဆလင်လူငယ် တစ်ယောက်အား ရိုက်နက်ကာ လက်ပြန်ကြိုးတုပ်လျက် ကျောကုန်းကို ကျောက်တုံးဖိ၍ ထားသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ ကြောင်း ULA/AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ရခိုင်တွင် စပါးရိတ်စက်များ၊ ကောက်လှိုင်းစည်းများအား မီးတိုက်ခြင်း၊ မုဒိမ်းကျင့်ရန် ကြံစည်ခြင်းများ အပါအဝင် လူမျိုးရေး၊ ဘာသာရေး ဖြစ်စေနိုင်သည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ULA/AA က “ရန်သူသည် ယင်းလုပ်ရပ်များကို ၎င်းတို့၏ လက်ကိုင်တုတ်၊ ရခိုင်တချို့၊ အမျိုးသား သစ္စာဖောက်တချို့နှင့် ၎င်းတို့၏ အဖွဲ့အစည်းအတွင်းမှ ရခိုင်စကား ပြောတတ်သူများကို အသုံးချ၊ ခိုင်းစေကြောင်း သိရသည်။ ယင်းဖြစ်စဉ်များသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဦးတည် စေနိုင်သည့်အတွက် ရခိုင်ပြည်သူပြည်သားများ အနေနှင့် သတိပြု ဆင်ခြင်ရန်နှင့် နောက်ထပ် အလားတူ ဖြစ်စဉ်များ မပေါ်ပေါက်စေရေး ဝိုင်းဝန်း ကာကွယ်စောင့်ထိန်းကြရန် အထူးလိုအပ်သည်”ဟု ထုတ်ပြန် ချက်တွင် ပြောထားသည်။

မောင်တောမြို့နယ်မှာ ဆရာမ ပျောက်ဆုံးမှု လိုက်ရှာနေကြစဉ်

လက်ရှိ ရခိုင်ပြည်နယ်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရန် နှစ်ဖက်လူ့အဖွဲ့အစည်းမှ ဝိုင်းဝန်း ထိန်းသိမ်း နေကြောင်း ရခိုင်အမျိုးသားပါတီ (ALP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးထွန်းအောင်ကျော်က “အဓိကကတော့ ကျနော်တို့က ၂၀၁၂၊ နောက်တစ်ခုက ၂၀၁၇ အဲဒီလို ခေတ်တွေမှာ ကျနော်တို့ ရခိုင် ပြည်နယ်မှာ မလိုလားအပ်တဲ့ လက်ခံနိုင်စရာ မရှိတဲ့၊ နှစ်ဖက် လူ့အဖွဲ့အစည်းတွေ ကြားထဲမှာ အင်မတန် အရုပ်ဆိုး၊ အကျဉ်း တန်တဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ် ဆိုတာကတော့ အားလုံးအသိပါပဲ။ ဒီဒဏ်ရာ၊ ဒဏ်ချက်တွေကလည်း တော် တော်ကြီးကို ပြင်းထန်ပြီးတော့မှ လူ့အသိုင်းအဝိုင်း၊ လူသားတွေ အနေနဲ့ လက်မခံနိုင်တဲ့ ဒဏ်ရာ၊ ဒဏ်ချက်တွေ ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ အဲဒီလို အရုပ်ဆိုး အကျဉ်းတန်တဲ့ လက်မခံနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ အနိဋ္ဌာရုံ တွေ ပြန်မဖြစ်ဖို့အတွက်ကို တာဝန်ရှိတဲ့ ရခိုင်လူ့အဖွဲ့အစည်းနဲ့ တခြား မွတ်ဆလင် အဖွဲ့အစည်းကလည်း ဝိုင်းဝန်း ထိန်းသိမ်း ကြတာကိုလည်း လေးစားဖွယ်ရာ တွေ့ရပါတယ်” ဟု ပြောသည်။

ULA/AA ၏ ထုတ်ပြန် ကြေညာချက်မှာ ကောင်းမွန်ပြီး တရားမျှတသည်ဟု ယူဆကြောင်း ချွန်းဂျာနယ် အယ်ဒီတာချုပ် ကိုကျော်နေမင်းက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင်း နေအိမ်များ မီးလောင်နေစဉ်

ကိုကျော်နေမင်းက “အခုထုတ်တဲ့ ကြေညာချက်ကိုတော့ အကြမ်းဖျဉ်းအားဖြင့်ပေါ့ ကျ‌နော်တို့ကတော့ ဒါအင်မတန် ကောင်း ပြီးတော့လည်း တရားမျှတ တယ်လို့တော့ ကျနော်တို့က ယူဆပါတယ်ဗျ။ ဒါပေမဲ့ ပြဿနာကလေ တကယ်အပေါ်မှာ ရှိတဲ့ လူတွေရဲ့ စိတ်ရင်းစေတနာက တော်တော် အရေးကြီးပါတယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အနေအထားကလေ ကာလ သမိုင်းကြောင်းက Sensitive ဖြစ်နိုင်တဲ့ အရမ်းကို Sensitive ဖြစ်တဲ့ အနေအထားတွေဆိုတော့ ဟိုးအရင် ၂၀၁၂၊ ၁၃ ကလိုပေါ့ နော်။ တချို့ သွေးထိုးလှုံ့ဆော်သူတွေပေါ့။ နိုင်ငံရေးသမား ဩဇာရှိတဲ့ လူတချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ မပါလာဖို့တော့ သတိထားရမယ်လို့တော့ ကျ‌နော်တို့ ယူဆတယ်ဗျ” ဟု ပြောသည်။

ရခိုင်ပြည်သူများအနေဖြင့် ရန်သူ၏ ‌ထောင်ချောက်ထဲသို့ မကျရောက်ရစေရန်၊ ရန်သူဖြစ်လိုသော အကွက်ထဲသို့ မသက်ဆင်း လာစေရန် အထူးသတိထားရန် လိုအပ်ကြောင်း၊ လူမှုကွန်ရက် စာမျက်နှာများမှ သတင်းများကို သတိဉာဏ်ဖြင့် ဆင်ခြင် ဖတ်ရှု့ရန် လိုအပ်ကြောင်း၊ ပဋိပက္ခကို ဦးတည်စေသော အရေးအသား၊ လှုံ့ဆော်မှုမျိုး ရေးသားခြင်း၊ ဖြန့်ဝေခြင်း မပြုလုပ်ရန် လိုအပ်ကြောင်း ULA/AA မှ တိုက်တွန်းထားသည်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးစုများနှင့် မွတ်စလင် ဘာသာဝင်များအကြား အကြမ်းဖက် တိုက်ခိုက်ကြသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ၊ လူနေအိမ်နှင့်ဘာသာရေး အဆောက်အအုံ ပျက်စီးမှုများ၊ ဒေသခံပြည်သူ သောင်းချီ အိုးမဲ့အိမ်မဲ့မှုများ ဖြစ်ပွားခဲ့သည်။