CNI International News

ဝါရှင်တန်၊ ဇွန်လ ၂၂

အမေရိကန်နိုင်ငံတွင် စံချိန်တင်ဓာတ်ငွေ့ဈေးတက်ခြင်းအတွက် အမေရိကန်လူမျိုး ၁၁ ရာခိုင်နှုန်းကသာ ပူတင်ကို အပြစ်တင်ကြောင်း ရာစမုဆက်တက္ကသိုလ် (Rasmussen) က ကောက်ယူပြီး ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်သော စစ်တမ်းတစ်စောင်အရ သိရသည်။

ယခင်သီတင်းပတ်၌ ကောက်ယူခဲ့သော ရာစမုဆက်စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ ထက်ဝက်ကျော်ဖြစ်သည့် ၅၂ ရာခိုင်နှုန်းက ဘိုင်ဒန်၏စွမ်းအင်မူဝါဒ ညံ့ဖျင်းမှုကို ထောက်ပြခဲ့ကြကြောင်း အာရ်တီသတင်းဌာနက ရေးသား ဖော်ပြသည်။ အမေရိကန်ပြည်တွင်း၌ ဓာတ်ငွေ့ဈေးတက်ခြင်းမှာ ရုရှားသမ္မတ ပူတင်ကြောင့်ဟု ဘိုင်ဒန်အစိုးရ၏ အကြောင်းပြချက်သည် လူထုကို ဖမ်းစားနိုင်ပုံ မရပေ။

ဘိုင်ဒန်ကိုရော ပူတင်ကိုပါ အပြစ်မတင်သူများကတော့ ရေနံကုမ္ပဏီများကို လက်ညိုးထိုးခဲ့ကြပြီး အဆိုပါ ကုမ္ပဏီလုပ်ငန်းရှင်များသည် လက်ရှိပထဝီဝင်နိုင်ငံရေးမတည်ငြိမ်မှုကို ၎င်းတို့ဈေးကစားရန်အတွက် အသုံးချ နေကြကြောင်း စစ်တမ်းဖြေဆိုသူ ၂၉ ရာခိုင်နှုန်းက ထောက်ပြခဲ့သည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ၏ မီးလောင်ရာလေပင့် ဈေးတက်ကြခြင်းအတွက် “လုပ်ငန်းရှင်များသည် နတ်ဘုရားထက် ငွေပိုဖန်တီးနိုင်ကြကြောင်း” အမေရိကန်သမ္မတ ဘိုင်ဒန်ကလည်း စွပ်စွဲခဲ့သည်။

ရေနံကုမ္ပဏီများသည် တူးဖော်ရရှိနေလျက်နှင့်ပင် တမင်တကာ ဈေးကိုင်နေကြကြောင်း၊ အကြောင်းမှာ လောင်စာ ဆီ များများမထုတ်ဘဲ ပိုက်ဆံပိုလိုချင်နေကြ၍ဖြစ်ကြောင်း သမ္မတဘိုင်ဒန်က အခိုင်အမာပြောကြားခဲ့သည်။

ရုရှား၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို ပြီးခဲ့သည့် မတ်လမှစတင်၍ အမေရိကန်က တားမြစ်ခဲ့သော် လည်း မော်စကိုသည် ထိုကာလမတိုင်မီကပင် ၎င်း၏ရေနံ ၂ ရာခိုင်နှုန်းကိုသာ တင်သွင်းခဲ့သည်။

အမေရိကန်သည် သာ အသားတင်ဓာတ်ငွေ့တင်ပို့သူဖြစ်နေခဲ့သည်။ သို့ဖြစ်၍ ယခုလောင်စာဆီစရိတ် ဈေးတက်ခြင်းအတွက် ရုရှားတွင် တာဝန်ရှိသည်ဟူသော အဆိုပြုချက်ကို ထောက်ခံသူမှာ အနည်းငယ်သာ မြင်တွေ့ရသည်။

ဓာတ်ငွေ့ဈေးနှုန်းသည် အရေးကြီးပြဿနာတစ်ရပ်ဆီသို့ ဦးတည်နေကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပြီး ဇွန်လ ၂၁ ရက် ထုတ်ပြန်သော ယခုစစ်တမ်းအရ ပါဝင်ဖြေဆိုသူ ၉၂ ရာခိုင်နှုန်းက ဓာတ်ငွေ့နှင့်လောင်စာဆီ ဈေးတက်ခြင်းသည် သက်ရောက်မှုပြင်းထန်ကြောင်း ပြသခဲ့ကြသည်။ အခြား ၆၈ ရာခိုင်နှုန်းကတော့ အဆိုပါ ပြဿနာမှာ အလွန်ဆိုးရွားလာပြီဟု ကောက်ချက်ချခဲ့ကြသည်။

လာမည့်နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့်အတူ စီးပွားရေး အလှည့်အပြောင်း မလုပ်ပြနိုင်လျှင် ဒီမိုကရက်တစ်ပါတီသည် မဲဆန္ဒရှင်များ၏ စီးပွားရေးမပြေလည်မှုအတွက် အပြစ်တင်ခံနိုင်ရပြီး ကွန်ဂရက် (လွှတ်တော်) နှစ်ရပ်စလုံးသည် ရီပတ်ဘလစ်ကန်တို့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားနိုင်စရာ များနေသည်။

Source: အာရ်တီသတင်းဌာန