CNI International News

ကိယက်ဗ်၊ ဇွန်လ ၂၂

ဂျာမနီအစိုးရ၏လက်နက်ကြီးကူညီရန် ကတိအတိုင်း ဂျာမနီလုပ် မောင်းသူမဲ့ဟောင်ဝစ်ဇာများ မိမိတို့နိုင်ငံထဲသို့ ပထမဆုံးရောက်ရှိလာပြီဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးက ဇွန်လ ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားနှင့် ရင်ဆိုင်နေချိန်အတွင်း ပြည်တွင်းလက်ကျန် ဆိုဗီယက်ခေတ် လက်နက်ခဲယမ်းမီးကျောက်များ ပြတ်လပ် တော့မည်ဖြစ်သဖြင့် ယူကရိန်းက အနောက်အုပ်စုနိုင်ငံများထံသို့ ပိုမိုကောင်းမွန်သည့်အမြောက်များ ပေးပို့ကြပါရန် ပန်ကြားထားသည်။

“ကျနော်တို့ အင်အားဖြည့်တာ လုပ်နေပါတယ်။ လေ့ကျင့်သင်ကြားပြီးဖြစ်တဲ့ ယူကရိန်းစစ်မှုထမ်းတွေနဲ့အတူ ဂျာမန်လုပ် (ပန်ဇာဟောင်ဘစ်ဇာ) Panzerhaubitze 2000 ဟာ ယူကရိန်း အမြောက်တပ်မိသားစုနဲ့ ပူးပေါင်းမိ ပါပြီ” ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီရက်နီကော့ဗ်က လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။

Panzerhaubitze 2000 သည် ဘွန်ဒက်စပီယာ (Bundeswehr) ဟု ခေါ်သည့် ဂျာမနီလက်နက်ကိုင်တပ်များရှိ အစွမ်းထက်ဆုံး အမြောက်လက်နက်များထဲမှ တစ်ခုဖြစ်ပြီး ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာအဝေးရှိ ပစ်မှတ် များကို တိကျစွာ ထိမှန်နိုင်သည်။

ဂျာမနီသည် ကိယက်ဗ်အစိုးရအတွက် ဟောင်ဝစ်ဇာ ၇ စင်းပေးအပ်ရန် ပြီးခဲ့သည့်မေလ၌ ကတိပြုခဲ့သည်။ အလားတူ နယ်သာလန်ကလည်း အဆိုပါအမြောက်စနစ် ၅ မျိုး ကို ကိယက်ဗ်အတွက် ထပ်လောင်းကတိပြု ခဲ့သည်။

ဂျီပက် (Gepard) တင့်ကား အစီး ၃၀ နှင့် မာ့စ်တူး (MARS II) ဒုံးပစ်လောင်ချာ ၃ ခုနှင့် ပခုံးထမ်းပစ် စတင်ဂါ (Stinger) ဒုံးကျည် ၅၀၀ အပါအဝင် ဂျာမနီ၏ကတိပြုထားသည့် လက်နက်စာရင်းတို့ကို ယူကရိန်းသမ္မတရုံး အကြီးအကဲ အန်ဒရေးယာမက် (Andriy Yermak) က ထုတ်ပြန်ကြေညာခဲ့သည်။

ရုရှားတပ်များကို ခုခံချေမှုန်းရန်အတွက် အခြားလက်နက်ကြီးများအပါအဝင် ဟောင်ဝစ်ဇာ ၁၀၀၀၊ တင့်ကား အစီးရေ ၅၀၀ နှင့် ဒရုန်းအစင်းရေ ၁၀၀၀ လိုအပ်ကြောင်း ကိယက်ဗ်အစိုးရက ယခင်ကတည်းက ပြောကြားခဲ့ပြီး ဖြစ်သည်။ ရုရှားသည် ယူကရိန်းပိုင်နက်ထဲသို့ ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်၍ ကျူးကျော် တိုက်ခိုက်နေခဲ့ပြီး နယ်မြေ ၂၀ ရာခိုင်နှုန်းကို သိမ်းယူခဲ့သည်။

ယူကရိန်းနိုင်ငံသို့ တွဲဆွဲ ဟောင်ဝစ်ဇာအမြောက်များ ထောက်ပံ့သော အခြားနိုင်ငံများကတော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ နော်ဝေနှင့် ပိုလန်တို့ ဖြစ်ကြသည်။

Source: Reuters