CNI International News

ကိဗ်ယက်၊ ဒီဇင်ဘာ ၁၆

အမေရိကန်အနေဖြင့် နောက်ဆုံးပေါ် လေကြောင်းကာကွယ်ရေး ဒုံးကျည်များကို ယူကရိန်းသို့ပေးပို့မည်ဆိုပါက ၎င်းမှာ နောက်ထပ်ရန်စမှုတစ်ခုဖြစ်ကာ ရုရှား၏ တုန့်ပြန်မှုများနှင့် ရင်ဆိုင်သွားရမည်ဟု ရုရှား နိုင်ငံခြားရေးဌာန က ကြာသပတေးနေ့တွင် သတိပေးခဲ့ကြောင်း AP သတင်းတွင်ဖော်ပြသည်။

အမေရိကန်သည် မြေပြင်မှ ဝေဟင်ပစ် Patriot ဒုံးကျည်များကို ယူကရိန်းသို့ ထောက်ပံ့ပေးသွားမည်ဟု သတင်း များတွင် ဖော်ပြခဲ့ပြီးနောက် ယင်းသည် ယူကရိန်းစစ်ပွဲတွင် သိသိသာသာပါဝင်လာခဲ့ပြီဟု ရုရှားနိုင်ငံခြားရေးဌာန က ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇတ်ဟာရိုဗာ(Maria Zakharova) က ပြောသည်။

အဆိုပါ လက်နက်များအပြင် ယူကရိန်းစစ်ပွဲအတွင်း အမေရိကန်၏စစ်ဘက်ဆိုင်ရာကူညီထောက်ပံ့မှုများ များပြားလာခြင်းသည် ရန်လိုမှုတစ်မျိုးဖြစ်ကာ အကျိုးဆက်များရှိလာနိုင်သည်ဟုလည်း ဇတ်ဟာရိုဗာက ပြောသည်။ သို့သော်မည်သို့သောတုန့်ပြန်မှု အကျိုးဆက်ဖြစ်လာမည်ဆိုသည်ကိုတော့ ရှင်းလင်းခဲ့ခြင်းမရှိပေ။

ဒွန်နက်ဆက်ဒေသ၏ မြို့တော် ဒွန်နက်ဆက်တွင် ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဘုရားကျောင်း၏ အမိုးတွင် ကျည်ပေါက်ရာကျန်ခဲ့သည်ကို ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းကို Patriot ဒုံးလက်နက်များ အမှန်တကယ်ပေးပို့သွားရန် အတည်ပြုမှုစောင့်ဆိုင်းနေသည်ဟု အမေရိကန်တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောခဲ့သည်။ ယင်းက ပိုမိုခေတ်မီသောလက်နက်များ ထောက်ပံ့ ပေးရန် ယူကရိန်းဘက်က တောင်းဆိုမှုကို ဖြည့်ဆည်းခဲ့ခြင်းဖြစ်ကာ မကြာခင်အတွင်း တရားဝင်ထုတ်ပြန် ကြေညာမည်ဟု ယူဆရသည်။

Patriot ဒုံးလက်နက်များကို စီမံရန်နှင့်ထိန်းသိမ်းရန်အတွက် တပ်ဖွဲ့ဝင် ၉၀ ခန့်လိုအပ်သည်။ ထို့ကြောင့် ယူကရိန်းသို့ အဆိုပါလက်နက်များထောက်ပံ့မည်ဆိုပါက တပ်သားများကိုပါ စေလွှတ်ရမည်ဖြစ်သောကြောင့် အမေရိကန်ဘက်က ယင်းသို့ပြုလုပ်ရန် လပေါင်းများစွာ တုံ့ဆိုင်းနေခြင်းဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒန်အစိုးရ၏ ယူကရိန်းစစ်ပွဲအတွင်း တပ်သားများ မစေလွှတ်ရေးစနစ်ကြောင့် ဖြစ်သည်။ ဒုံး လက်နက်များနှင့်ပတ်သက်၍ ယူကရိန်းသို့ အမေရိကန်တပ်သားများ မစေလွှတ်သည့်တိုင် အဆိုပါလက်နက်များ ပေးပို့ခြင်းက ရုရှားကို ဆွပေးသလိုဖြစ်ကာ ၎င်းတို့သာ ရုရှားနိုင်ငံတွင်းသို့ ရောက်ရှိသွားပါက ပဋိပက္ခအခြေအနေ များ ပို၍ ဆိုးရွားလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

ဒွန်နက်ဆက်ဒေသရှိ ဒွန်နက်ဆက်တွင် မီးလောင်ပေါက်ကွဲထားသော ကားတစ်စီးကို မီးသတ်သမားတစ်ဦးက ကြည့်နေစဉ်(ဓါတ်ပုံ-အေပီ)

အဆိုပါ သတင်းများမတိုင်ခင်ကတည်းက သမ္မတ ပူတင် ဦးဆောင်သည့် ရုရှားလုံခြုံရေးကောင်စီ ဒုတိယခေါင်း ဆောင် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ယူကရိန်းသို့ Patriots လက်နက်များနှင့် နေတိုးတပ် ဖွဲ့ဝင်များရောက်ရှိလာလျှင် ယင်းတို့သည် ရုရှားလက်နက်ကိုင်များအတွက် ပစ်မှတ်များဖြစ်လာလိမ့်မည်ဟု ပြောဆိုခဲ့ဖူးသည်။

ကာကွယ်ရေးဌာနကဘက်က ပြောဆိုခြိမ်းခြောက်မှုများအပေါ် ရုရှားအစိုးရဘက်မှ သဘောတူမှု ရှိမရှိနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က သဘောတူကြောင်း ပြန်လည်ဖြေကြားခဲ့သော်လည်း အမေရိကန်ဘက်မှ ဒုံးလက်နက်များကို အမှန်တကယ်မပို့မချင်း ၎င်းတို့ဘက် မှလည်း ထိုကိစ္စနှင့်ပတ်သက်သည့် ပြောဆိုမှတ်ချက်ပေးမှုများကို ရှောင်ရှားသွားမည်ဟု ဆိုသည်။

Source:AP