CNI International News

ကိယက်ဗ်၊ ဇွန်လ ၁

ယူကရိန်းအရှေ့ပိုင်း၊ ဒွန်ဘတ်စ်စက်မှုဒေသကို သိမ်းပိုက်ရန် မော်စကို၏ကြိုးပမ်းမှုအတွက် အဓိကအရေးပါသည့် စီဗီးရိုဒွန်နက်ဆက်မြို့၏ထက်ဝက်ဧရိယာကို ရုရှားတပ်များ သိမ်းယူသွားပြီဖြစ်ကြောင်း ၎င်းမြို့တော်ဝန်က မေလ ၃၁ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

“ကျနော်တို့မြို့ကို ရုရှားတွေ အပြင်းအထန် ပိတ်ဆို့ပြီး ဖျက်ဆီးနေကြပြီ” ဟု မြို့တော်ဝန် အိုလက်စန်ဒါစထရောက် (Oleksandr Striuk) က ပြောကြားခဲ့သည်။ မြို့၏လမ်းများပေါ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အမြောက်ပစ်ခတ်မှုများကြောင့် တစ်ချိန်က လူဦးရေ ၁ သိန်းကျော် နေထိုင်နေခဲ့သောမြို့မှာ အပျက်အစီးများ ပြန့်ကြဲနေခဲ့သည်။ မြို့အတွင်း၌ ဘေးလွတ်ရာခိုလှုံနေသည့် အရပ်သား ၁၃,၀၀၀ ခန့် ကျန်ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်မှာ ခြိမ်းခြောက်ခံနေရကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြားခဲ့သည်။

စီဗီးရိုဒွန်နက်ဆက်မြို့တွင် ရုရှားလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ဓာတုစက်ရုံရှိ နိုက်ထရစ်အက်ဆစ်တိုင်ကီ ထိမှန်ခဲ့ပြီး အငွေ့များ ပျံ့လွင့်သွားခဲ့ကြောင်း လူဟန်ဆက်ဒေသ အုပ်ချုပ်ရေးမှူး ဆာဟေးဟိုင်ဒိုင်းက ပြောကြား ခဲ့သည်။

အက်ဆစ်တိုင်ကီပေါက်ထွက်၍ မြို့၏ကောင်းကင်ယံသို့ တိမ်တိုက်တစ်ခုသဖွယ် အငွေ့ပျံတက်လာခဲ့ပုံကို ဓာတ်ပုံရိုက်ကူး၍ အွန်လိုင်းပေါ် လွှင့်တင်ခဲ့ကြသည်။ မြို့အတွင်းရှိနေသူများအား ဓာတ်ငွေ့ကာ မျက်နှာဖုံး ဝတ် ဆင်ရန် (သို့မဟုတ်) ရသည့်နည်းလမ်းဖြင့် ရှာကြံကာကွယ်ရန် ယူကရိန်းအာဏာပိုင်များက တိုက်တွန်းခဲ့သည်။

အနောက်နိုင်ငံများထံမှ လက်နက်အကူအညီ ထပ်မရောက်လာမီ ၎င်းမြို့ကို သိမ်းပိုက်နိုင်ရေးမှာ ဒွန်ဘတ်စ်ဒေသ တစ်ခုထိန်းချုပ်နိုင်ရန်အတွက် ရုရှားစစ်ဆင်ရေးအဖို့ အထူးအရေးကြီးနေသည်။

ယင်းနယ်မြေထဲတွင် မော်စကိုကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများက ယူကရိန်းအစိုးရတပ်များကို ၈ နှစ်ကြာတိုက်ခိုက်ခဲ့ကြဖူးသည်။

ရုရှားနှင့်နယ်စပ်မှ မိုင် ၉၀ အကွာတွင်တည်ရှိသော စီဗီးရိုဒွန်နက်ဆက်မြို့သည် လူဟန်ဆက်ဒေသအတွက် ယူကရိန်းထိန်းချုပ်မှုအောက်ရှိ နောက်ဆုံးအမာခံနယ်မြေဖြစ်သည်။

ဒွန်ဘတ်စ်စက်မှုဒေသကို လူဟန်ဆက်နှင့်ဒွန်နက်ဆက်နယ်မြေအစိတ်အပိုင်းနှစ်ခုဖြင့် ဖွဲ့စည်းထားပြီး ယင်း နယ်မြေများကို သမ္မတနိုင်ငံတစ်နိုင်ငံစီအဖြစ် စစ်ပွဲအစ၌ သမ္မတ ဗလာဒီမာပူတင်က ကြေညာခဲ့သည်။

Source: AP