CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန် ၁၇

စပါးအသင်းဟာ ဒတ်ချ်နောက်ခံလူ ဗန်ဟက်ကယ်ကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူဖို့ ဘရိုက်တန်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပါတယ်။ 

ဂျပန်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲမှာ နယ်သာလန်အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့တဲ့ ဗန်ဟက်ကယ်နဲ့ ဘရိုက်တန်အသင်းစာချုပ်ဟာ ၁ နှစ်သာကျန်ရှိတော့ပြီး စာချုပ်သက်တမ်း တိုးဖို့ ဆန္ဒမရှိတာပါ။ 

ဘရိုက်တန်အသင်းဟာ ဗန်ဟက်ကယ်အတွက် စပါးအသင်းရဲ့ပထမအကြိမ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် အခုအချိန်မှာ သဘောတူခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဗန်ဟက်ကယ်ဟာ ဘရိုက်တန်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ နည်းပြဒီဇာဘီနဲ့ စပါးအသင်းမှာ ထပ်ပြီးလက်တွဲအလုပ်လုပ်ရတော့မှာပါ။ 

၂၀၂၀ ခုနှစ်က NAC ဘရီဒါအသင်းကနေ ရောက်လာခဲ့တဲ့ ဗန်ဟက်ကယ်ဟာ ဘရိုက်တန်အသင်းအတွက် ၁၃၁ ပွဲကစားခဲ့ပြီး မနှစ်ကရာသီမှာ ပွဲပေါင်း ၄၀ ပါဝင် ကစားခဲ့ပါတယ်။ 

စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၇ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ပြီးနောက် ခံစစ်ပိုင်းကို အားကောင်းအောင် အားဖြည့်မှုတွေ ပြုလုပ်နေတာပါ။ 

စပါးအသင်းဟာ ဗန်ဟက်ကယ်မတိုင်မီ စကော့တလန်နောက်ခံလူရော်ဘတ်ဆန်နဲ့ အာဂျင်တီးနားနောက်ခံလူဆီနီစီတို့ကို ခေါ်ယူထားပါတယ်။ 

အက်သလက်တီကိုအသင်းအပါအဝင် အသင်းတချို့ရဲ့စိတ်ဝင်စားမှုခံနေရတဲ့ အသင်းခေါင်းဆောင်ရိုမဲရိုးဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ စပါးအသင်းကနေ ထွက်ခွာသွားဖွယ်ရှိနေပါတယ်။ 

Source: ESPN