CNI International News

ကိယက်ဗ်၊ ဇွန်လ ၁

စစ်ပွဲ အဆုံးသတ် စေရေးအတွက် ရုရှားအား တွန်းအားပေးရန် ယူကရိန်းထံသို့ အဆင့်မြင့်ဒုံးကျည်များ ပံ့ပိုးသွားမည်ဟု အမေရိကန်က ပြောကြားခဲ့ပြီးနောက် ရုရှားတပ်များက ယူကရိန်းအရှေ့ပိုင်း စီဗီးရိုဒွန်နက်ဆက် (Sievierodonetsk) စက်မှုမြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ရန် ဇွန်လ ၁ ရက်၌ စစ်ရေးအရှိန် မြှင့်လာကြောင်း ရိုက်တာသတင်းဌာနက ရေးသား ဖော်ပြသည်။

ယူကရိန်းထံသို့ အမေရိကန်က ပိုမိုအဆင့်မြင့်သည့် ဒုံးကျည်စနစ်နှင့်အတူ ခဲယမ်းမီးကျောက်များ ထောက်ပံ့ပေးမည်ဟု သမ္မတဂျိုးဘိုင်ဒန် ပြောကြားခဲ့ပြီး ထိုလက်နက်များသည် စစ်မြေပြင်ရှိ အဓိက ပစ်မှတ်များကို အတိအကျ ထိမှန်နိုင်စွမ်း ရှိသည်။

“လက်နက်နဲ့ ခဲယမ်း မီးကျောက်တွေ အများကြီး ယူကရိန်းကို ပို့ဖို့ ကျနော်တို့ အမြန် လုပ်ဆောင်နေပါတယ်။ အဲဒါကြောင့် စစ်မြေပြင်မှာ တိုက်ပွဲဝင်ရာကနေ စေ့စပ်ညှိနှိုင်းစားပွဲအပေါ် ရောက်လာဖို့ တွန်းအားဖြစ်စေမှာပါ” ဟု ဘိုင်ဒန်က နယူးယောက်တိုင်းမ် သတင်းစာတွင် ၎င်း၏ သဘောထားမှတ်ချက် ရေးသားခဲ့သည်။

ပေးအပ်ရန် လျာထားသည့် လက်နက်များတွင် M142 မြင့်မားသော ရွေ့လျားနိုင်စွမ်းရှိသည့် အမြောက်နှင့် ဒုံးကျည်စနစ် (HIMARS) ပါဝင်ပြီး ရုရှားဒုံးကျည် တိုက်ခိုက်မှုများကို တန်ပြန် တွန်းလှန်နိုင်ရန် အလွန်အရေးကြီးကြောင်း ဘိုင်ဒန် အစိုးရ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်ရဲ့ HIMARS ဒုံးကျည်

အဆိုပါ လက်နက်များသည် အမေရိကန်နှင့်ရုရှားတို့ တိုက်ရိုက်ပဋိပက္ခ ဖြစ်နိုင်သည့် စိုးရိမ်မှုများကို ဖြေရှင်းနိုင်ကြောင်း၊ ယူကရိန်းသည် ထိုဒုံးကျည်များဖြင့် ရုရှားနိုင်ငံအတွင်းသို့ ပစ်ခတ်မည် မဟုတ်ကြောင်း ၎င်းအရာရှိက ဆက်လက် ပြောကြားခဲ့ သည်။

“ယူကရိန်း ပိုင်နက်အတွင်း ရုရှားကို ချေမှုန်းဖို့ ဒီစနစ်တွေကို ယူကရိန်းဘက်က သုံးသွားမှာပါ။ ဒါပေမယ့် ရုရှားပိုင်နက်ထဲမှာ ရှိတဲ့ ပစ်မှတ်အတွက်တော့ မရည်ရွယ်ပါဘူး” ဟု ၎င်းက သတင်းထောက်များကို ရှင်းပြခဲ့သည်။

ထိုသို့ လက်နက်ပံ့ပိုးရေး အမေရိကန်၏ ဆုံးဖြတ်ချက်ကို ကြေညာလိုက်ပြီး မကြာမီမှာပင် ရုရှားနျူကလီးယား တပ်ဖွဲ့များ သည် မော်စကို အရှေ့မြောက်ရှိ အိုင်ဗန်နိုဗို (Ivanovo) ပြည်နယ်၌ စစ်ရေးလေ့ကျင့်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် Yars (ယာ့စ်) တိုက်ချင်းပစ် ဒုံးကျည်လောင်ချာများ အပါအဝင် စစ်သုံးယာဉ် အစီးရေ ၁၀၀ ကျော်သုံး၍ တပ်သားအင်အား ၁,၀၀၀ ခန့်ဖြင့် လေ့ကျင့်နေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ရုရှားကာကွယ်ရေး ဝန်ကြီးကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားမီဒီယာဖြစ်သည့် အင်တာဖက်စ် သတင်းတွင်တော့ လက်နက်သစ်များ ပံ့ပိုးမည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ဖော်ပြ ထားခြင်း မရှိပေ။

ကိယက်ဗ်မြို့မြောက်ပိုင်း စစ်မျက်နှာမှ ဆုတ်ခွာပြီးနောက် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်နိုင်ဖို့ ရုရှား ကြိုး ပမ်း နေချိန်တွင် လေယာဉ်ပစ် ဒုံးကျည်များနှင့် ဒရုန်းများ အပါအဝင် ဒေါ်လာဘီလီယံ များစွာ တန်ဖိုးရှိသည့် လက်နက်နှင့် စစ်သုံးပစ္စည်းများ ပံ့ပိုးရန် ယူကရိန်းကို အမေရိကန် ကတိပြုခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ဒွန်ဘက်စ်ဒေသရှိ အစိတ်အပိုင်း တစ်ခုဖြစ်သော လူဟန်ဆက် နယ်မြေ၊ ဗီးရိုဒွန်နက်ဆက် စက်မှုမြို့၏ နေရာအများစုကို သိမ်းပိုက်သွားခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူး ဆာဟေးဂိုင်ဒိုင်က မေလ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

Source: Reuters