CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့‌ မြောက်ပိုင်းမှ ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရမှု နှင့်ပတ်သက်၍ အစိုးရမဟုတ်သေး သည့်အတွက် AA ဖြေရှင်းပေး၍ မရကြောင်း လက်ရှိ အာဏာရယူထားသည့် နစကမှာ အဓိက တာဝန်ရှိကြောင်း ရခိုင်နိုင်ငံရေး သမားဖြစ်သူ ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီး (ပြန်ပေးဆွဲ)ခံရသည့် ပညာရေးဝန်ထမ်းနှစ်ဦးမှာ မောင်တောမြို့ မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့၊ သင်္ဘောလှ ကျေးရွာရှိ မူလတန်းလွန်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ်ဆရာနှင့် လက်ထောက် ဆရာမတို့ ဖြစ် ကြောင်း၊ ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို ဖမ်းဆီးလိုက်သည့် သူများမှာ မည်သည့် အဖွဲ့ (သို့မဟုတ်) လူပုဂ္ဂိုလ်ဖြစ်သည်ကိုတော့ မသိရှိရသေးကြောင်း၊ ပညာရေးဝန်ထမ်းနှစ်ဦးအား ပြန်ရွေးရန်အတွက် ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၅၀ (မြန်မာငွေ သိန်း ၁၀၀၀) တောင်း သည့်အတွက် ဒေသခံများက ARSA အဖွဲ့ဖြစ်နိုင်သည်ဟု ပြောကြသည်။

ဦးဖေသန်းက “တိတိကျကျ ဖော်ထုတ်ပြီးတော့ အရေးယူသင့်တာပေါ့။ တကယ်လို့ အဲဒီအဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်တို့ ဘာတို့ ဘက်ကို ရောက်သွားတယ်ဆိုရင်လည်းပဲ နှစ်ဖက် ချိတ်ဆက်ပြီးတော့ တရားခံတွေကို ပြန်ရအောင် လုပ်သင့်တာပေါ့။ ဒေသ တည်ငြိမ်အောင်၊ အမုန်းမပွားအောင်၊ ပြဿနာ မဖြစ်အောင်၊ နယ်စပ်ဒေသ တည်ငြိမ်အောင် တစ်ဖက်နိုင်ငံနဲ့လည်း ဆက်ဆံ ရေး ပြေလည်အောင်ဆိုရင် တရားဝင် လမ်းကြောင်းကတော့ လက်ရှိ အာဏာရယူထားတဲ့ စစ်ကောင်စီဘက်က လုပ်သင့် တယ်လို့ ထင်တယ်။ သူ့အနေနဲ့(ULA/AA) ဝင်ရှင်းလို့ ရနိုင်မလားဆိုတာကတော့ တစ်ဖက်နိုင်ငံကို သူ့အနေနဲ့သွားလို့ လုပ်လို့ လည်း မရဘူးလေ။ တစ်ဖက် အစိုးရနဲ့များ အဆက်အသွယ်ရှိလား၊ မရှိလား ကျနော်လည်း မသိဘူး။ ဒါပေမယ့် သူကတော့ အစိုးရတစ်ရပ် မဟုတ်သေးတော့ တစ်ဖက်အစိုးရကလည်း ULA/AA ကို ဒီလို အစိုးရပုံစံမျိုး ဆက်ဆံချင်မှ ဆက်ဆံလိမ့်မယ် လေ။ အဲဒါကြောင့် အဓိက တာဝန်ရှိတာက ဗမာ့တပ်မတော်၊ စစ်ကောင်စီ အစိုးရလို့ပဲ ကျနော်တို့ ပြောနေတာ ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မောင်တောမြို့ အ၀င်ကိုတွေ့ရစဉ်

ယခုကိစ္စသည် တည်ငြိမ်နေသည့် ရခိုင်ပြည်နယ်အား မွတ်ဆလင်နှင့် ရခိုင်တို့အကြား ပြဿနာဖြစ်ပွား သွားအောင် လုပ် ဆောင်နေခြင်းဖြစ်ကြောင်း၊ နစကသည် ULA/AA နှင့် လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်ထားနိုင်သည့် အခြေအနေမျိုးတွင် ယခုကိစ္စအား မီးလောင်ရာလေပင့် လုပ်မည်ဆိုပါက ပြဿနာများ ရှုပ်ထွေးကာ ဒေသတွင်း အရေးထိ ဖြစ်သွားနိုင်ကြောင်း ၎င်းက ပြောသည်။

မောင်တောဒေသည် အနောက်နိုင်ငံဘက် ထွက်ပေါက်ဖြစ်သဖြင့် ဝင်/ထွက် သွားလာမှုအား လုံခြုံရေး တင်းကြပ်သင့်ကြောင်း၊ ၎င်းတို့(ဖမ်းဆီးသွားသူများ)တောင်းသည့် ငွေပမာဏအား ပေးလိုက်ပါက နောင်တွင် ယခုကဲ့သို့ ထပ်မံ မဖြစ်လာနိုင်ဘူးဟု ပြော၍ မရကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်စောမြရာဇာလင်းက “တချို့လူတွေကတော့ ထင်ကြတယ်ပေါ့၊ ဘာသာရေး အဓိကရုဏ်းတွေကို ဖန်တီးမယ် ဘာညာ။ ကျမကတော့ အဲဒီလို မထင်ပါဘူး။ အဓိကကတော့ လုပ်ရိုးလုပ်စဉ်လို့ပဲ ထင်တယ်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း က ဘယ်အဖွဲ့လို့ လက်ညှိုးထိုးပြစရာ မလိုအောင်ကို လူသိပါတယ်။ အဲဒီဒေသမှာ ရှိနေတယ်ဆိုတော့ သူတို့တွေက ဦးတည် ချက် နှစ်မျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ ဒေသကို ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တယ်။ ငွေလိုတာလည်း ဖြစ်နိုင်တာပေါ့။ လုံခြုံရေးပါပဲ အဓိကကတော့။ လုံခြုံရေးကို ဒီထက်မက လုပ်ဖို့လိုတယ်။ ဒီထက်မက တိုးချဲ့ဖို့လိုတယ်။ တကယ်လို့များ အင်အား လိုတယ်ဆိုရင် အင်အားကို ဘယ်လိုဖြည့်မလဲ။ အဓိကက ဒီတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက သောက်စားမှုတွေကို ရှောင်ဖို့ လိုတယ်။ တခြားနေရာတွေမှာ နေတာထက် သတိကို အမြဲတမ်း ရှိဖို့လိုတယ်။ ဂရုစိုက်မှု ဆိုရင်လည်း နှစ်ဆ၊ သုံးဆရှိနေဖို့ အရေးကြီးတယ်။ မဟုတ်လို့ရှိရင် မောင်တောဒေသက လက်လွှတ် ဆုံးရှုံးသွားနိုင်တယ်”ဟု ပြောသည်။

ထို့နောက် ယခု ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံများတွင် စိုးရိမ်မှုများရှိနေကြောင်း၊ ထိုပညာရေးဝန်ထမ်း နှစ်ဦးအား လိုက်လံရှာဖွေခြင်းကို ရပ်နားထားကြောင်း နံသာတောင်ဆရာတော် ဦးစာရဏက CNI သတင်းဌာနသို့ မိန့်တော် မူသည်။

 

 မောင်တောက ပညာရေးဝန်ထမ်း နှစ်ဦး ပျောက်၍ လိုက်ရှာဖွေနေစဉ်

ဦးစာရဏက “ဒေသခံတွေကတော့ စိုးရိမ်တာပေါ့။ ဒီလောက် ဒီဘက်မှာ လုံခြုံရေးပေးထားတဲ့ နယ်ခြားစောင့်ရဲတွေရော၊ စစ်တပ်ရော လုံခြုံရေး ယူပေးတဲ့ကြားထဲက အဲဒီလိုမျိုး ပြဿနာဖြစ်တယ်ဆိုတော့ ဒေသခံတွေအနေနဲ့ ဒီဘက် ဒေသ မလုံခြုံမှု အဲဒီလိုမျိုး စိုးရိမ်စိတ်တွေတော့ ဖြစ်ကြတာပေါ့။ သူတို့ မိသားစုတွေတို့၊ ပညာရေးလူကြီး တွေရော၊ မောင်တော အုပ်ချုပ်တဲ့အဖွဲ့ လူတန်းစားတွေ အဲဒါတော့ သူတို့ ဆောင်ရွက်နေတယ်လို့ ပြောသံကြားတယ်။ ဒီဟာကတော့ မကြာမကြာ ဖြစ်နေကျပါ။ ဒီမောင်တောဘက်မှာ ‌မြောက်ပိုင်းမှာ အဲဒီလို မကြာမကြာ ဖြစ်နေတာ။ ဒီတစ်ကြိမ်က ပညာရေးဝန်ထမ်းတွေ ဖြစ်လို့သာ အုံအုံကြွကြွဖြစ်တာ။ သာမန် ငါးရှာ အရပ်သား ဒေသခံတွေကတော့ ခံရပေါင်းမနည်းဘူး” ဟု မိန့်သည်။

မောင်တောဒေသတွင် မြန်မာ့တပ်မတော်၊ ULA/AA ၊ ARSA စသည့် လက်နက်ကိုင်များထားသော အဖွဲ့အစည်းများ ရှိကြ ကြောင်း၊ ပျောက်ဆုံးနေသည့် ပညာရေးဝန်ထမ်း နှစ်ဦးကို ဇွန်လ ၁၉ ရက်နေ့က ဒေသခံ ကျေးရွာသားများ လိုက်လံ ရှာဖွေရာ စဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ပညာရေးဝန်ထမ်း နှစ်ဦးသည် တာဝန်ကျနေသည့် သင်္ဘောလှ ကျေးရွာမှ မြို့နယ် ပညာရေးမှူးရုံးသို့ လာကြစဉ် နေ့လယ်ပိုင်း၌ လမ်းတွင် ဖမ်းဆီးခံလိုက်ရပြီး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။