CNI International News

ဘန်ကောက်၊ ဇွန်လ ၂၁

ထိုင်းနိုင်ငံတွင် ကန့်သတ်ချက်များ ဆက်လက် ဖြေလျှော့ပေးနေသော်လည်း အထူးဥပဒေအရ စိုးရိမ်မှုရှိသေးသဖြင့် အရေးပေါ် အမိန့်ကို မရုပ်သိမ်းသေးကြောင်း ဇွန်လ ၂၀ ရက်တွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

Covid-19 ဖြစ်ပွားမှု ကျဆင်းလာခဲ့၍ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့သော်လည်း ရှေ့သို့ဦးတည်ပါတီ (Move Forward Party) မှ လွှတ်တော်အမတ် ရန်စီမန်ရွမ်း (Rangsiman Rome) က အရေးပေါ်အမိန့်ကို ထပ်မံ သက်တမ်း မတိုးရန် တိုက်တွန်းခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး ပရာယွတ်၏ အထက်ပါ သဘောထား မှတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အစိုးရ၏ အရေးပေါ်အမိန့်သည် နှစ်နှစ်တာ ကာလအတွင်း ၁၈ ကြိမ်အထိ သက်တမ်း အလီလီ တိုးခဲ့သည်။

ရောဂါပြန့်ပွားမှုကို ထိန်းချုပ်မည့်အစား အစိုးရဆန့်ကျင် ဆန္ဒပြသူများကို အရေးယူရန် အသုံးချနေသည့် အထူးဥပဒေကို ရုပ်သိမ်းပေးရန် အစိုးရကို လွှတ်တော်အမတ် ရန်စီမန်ရွမ်းက ဇွန်လ ၂၀ ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့သည်။

Covid-19 ပြန်ပွားမှု တားဆီးရာ၌ အစိုးရ၏ လုပ်ဆောင်ချက်များ အဆင်ပြေ ချောမွေ့စေရန် အရေးပေါ်အမိန့်ကို ထုတ်ပြန်ခဲ့ ရကြောင်း၊ အထူးဥပဒေသည် မိမိတို့ လိုရာပစ်မှတ် ရောက်အောင် အထောက်အကူပြု ကိရိယာတစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် က ဆက်လက် ပြောကြားခဲ့သည်။

ထိုင်းလူထုဆန့်ကျင်မှုကိုတွေ့ရစဉ်(GETTY IMAGES)

ပြန့်ပွားမှု အခြေအနေကို စစ်ဆေးပြီးမှ အရေးပေါ်အမိန့် လိုအပ်သေး သလားဆိုတာကို ဆုံးဖြတ်ရလိမ့်မည်ဖြစ်ကြောင်း၊ အရေးပေါ်အမိန့် ရုပ်သိမ်းမည်ဆိုလျှင် ပြည်သူ့ကျန်းမာရေးဥပဒေ ပြဋ္ဌာန်းချက်များသာ အစိုးရအနေဖြင့် ထားရှိမည်ဖြစ် ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပြည်သူများ လေဟာပြင်နှင့် အများသူငှါ ဝင်ထွက်သွားလာသည့် နေရာများ၌ နှာခေါင်းစည်း၊ မျက်နှာဖုံး ချွတ်ခွင့်ပြုခြင်း အပါအဝင် ကပ်ရောဂါ ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီဖြစ်ရာ အရေးပေါ်အမိန့်ကို ဆက်ထားရန် မလိုတော့ကြောင်း ရန်စီမန်ရွမ်းက စောဒကတက်ခဲ့သည်။

ကပ်ရောဂါ ထိန်းချုပ်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက်တွင် အရေးပေါ်အမိန့် ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်အရ ဝန်ကြီး ချုပ် ပရာယွတ်ကို Covid-19 အခြေအနေ စီမံခန့်ခွဲရေး ဗဟိုဌာန၏ အကြီးအကဲအဖြစ် တားဆီးနှိမ်နင်းရေး အစီအမံများ ဆိုင်ရာ လုပ်ပိုင်ခွင့်ကို အပ်နှင်းထားခဲ့သည်။

ယခုအခါ နိုင်ငံခြား ခရီးသွား ဧည့်သည့် အရေအတွက် တိုးလာခြင်းကြောင့် ကန့်သတ်ချက်များ ပြန်လည် ဖယ်ရှားပေး ပြီး နောက် စီးပွားရေး ဦးမော့လာစေရန် အလားအလာ ကောင်းနေကြောင်း ပရာယွတ်က မှတ်ချက်ချခဲ့သည်။

Source: Bangkok Post