CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၁

လာမည့်ရွေးကောက်ပွဲ ပြန်လည် အရွေးခံရပါက ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ရာထူးသက်တမ်းသည် ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဝစ်စနူကရီယာနမ် (Wissanu Krea-ngam)က အောက်တို ဘာ ၃၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းအရ သိရသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်၏ ရာထူးသက်တမ်း ကန့်သတ်ချက်အပေါ် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်တွင် စီရင် ချက် ချခဲ့ခြင်းသည် ဝန်ကြီးချုပ်အဖြစ် မည်မျှကြာကြာ ဆက်လက် ထမ်းဆောင်နိုင်ခြင်းအား အဓိပ္ပါယ် အကောက် အယူ လွဲမှားစေခြင်း မရှိကြောင်း မစ္စတာ ဝစ်စနူက ဆက်လက် ပြောကြားခဲ့သည်။

ထိုင်း ဒုတိယဝန်ကြီးချုပ် ဝစ်စနူကရီယာနမ် သတင်းထောက်များကို ရှင်းပြနေစဉ် (GETTY IMAGES)

ဗိုလ်ချုပ်ကြီး ပရာယွတ်၏ ရာထူးသက်တမ်း မည်သည့်ကာလတွင် ကုန်ဆုံးမည်ကို အတိအကျ မဖော်ပြထားသော် လည်း လက်ရှိ ပဋိညာဉ်စာတမ်း အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ၎င်း၏ ဝန်ကြီးချုပ် ရာထူး သက်တမ်း စတင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် လာမည့်နှစ်တွင် ဝန်ကြီးချုပ်အဖြစ် ပြန်လည် အရွေးခံရပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၁၅၈ ပါ ပြဋ္ဌာန်းချက်ကြောင့် ၎င်းအနေဖြင့် ၂၀၂၅ ခုနှစ်ထက် ကျော်လွန်၍ ၎င်းရာထူး၌ ဆက်ရှိ နေနိုင်မည် မဟုတ်ကြောင်း မစ္စတာ ဝစ်စနူက ထပ်လောင်း ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၈ တွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ၄ နှစ်တာ တာဝန်ထမ်းဆောင်သည် ဖြစ် စေ၊ ရှေ့ဆင့်နောက်ဆင့် ထမ်းဆောင်သည်ဖြစ်စေ ထိုအခြေအနေနှင့် မသက်ဆိုင်ဘဲ အများဆုံး ၈ နှစ်အထိ ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

မစ္စတာ ဝစ်စနူက “နောက်ထပ် စီရင်ချက်တစ်ခု ထပ်မလိုပါဘူး။ ဒါပေမယ့် ပုဒ်မ ၁၅၈ မှာ ဝန်ကြီးချုပ်က အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်တဲ့ ကာလနဲ့ပတ်သက်ပြီး ဘာမှ မပြောထားတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ဆက်လက် ထမ်းဆောင်နိုင်ခြေရှိတယ်။ ၈ နှစ်ကြာပြီးရင်တော့ ရာထူးက ချက်ချင်းထွက်ရ မယ်လို့ တချို့က အခိုင်အမာ‌ ပြောနိုင်တယ်” ဟု ရှင်းပြသည်။

ဖူထိုင်းပါတီခေါင်းဆောင် ချော်နန်စရီကောကိုတွေ့ရစဉ် (GETTY IMAGES)

ထို့နောက် ပုဒ်မ ၁၅၉ နှင့်ပတ်သက်၍ သတင်းထောက်များမှ ဆက်လက်မေးမြန်းခဲ့ရာ မစ္စတာ ဝစ်စနူက “ဝန်ကြီး ချုပ် ရွေးချယ်ခြင်းရာတွင် အချို့သော ဥပဒေပညာရှင်များအနေဖြင့် ပရာယွတ် ရာထူးသက်တမ်းနှင့် ပတ်သက်၍ ငြင်းခုံစရာအဖြစ် ထိုပုဒ်မကို သုံးနိုင်ကြောင်း ပြောကြားမှုရှိသော်လည်း မိမိက အသေးအဖွဲဟု ယူဆ ကြောင်း” ဖြေကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖူထိုင်းပါတီခေါင်းဆောင် ချော်နန်စရီကောက “ဝန်ကြီးချုပ်သည် လာမည့်နှစ်၊ မတ်လတွင် ကျင်းပမည့် အစည်းအဝေးများကို စောင့်ဆိုင်းခြင်းထက် အောက်လွှတ်တော်ကို ဖျက်သိမ်းမည်ဟု ယုံကြည် ကြောင်း” အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ဖူထိုင်းသည် အစောပိုင်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားပြီး ပါတီ၏ ဝန်ကြီးချုပ်လောင်း ၃ ဦးကို ကြေညာ မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source: Bangkok Post