CNI International News
ဘန်ကောက်၊ မတ်လ ၂၀
ထိုင်းနိုင်ငံတွင် ဘူဂျထိုင်းပါတီ ခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) သည် မတ်လ ၁၉ ရက်၌ ပြုလုပ်သည့် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုအရ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ် ခန့်အပ် ခံခဲ့ရကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ယခုရလဒ်သည် နိုင်ငံရေး ပဋိပက္ခများနှင့် မတည်ငြိမ်မှုများ ရေရှည်ကြုံတွေ့ခဲ့ရသည့် ထိုင်းနိုင်ငံအတွက် ရှားရှား ပါးပါး တည်ငြိမ်မှု ကာလတစ်ခုကို ဆောင်ကြဉ်း ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
ဘူဂျထိုင်းပါတီသည် အမတ် နေရာ ၅၀၀ ပါဝင်သည့် အောက်လွှတ်တော်တွင် အမတ်နေရာ ၁၉၁ နေရာအထိ အနိုင်ရရှိခဲ့ပြီး၊ အမတ်နေရာ ၁၂၀ သာ ရရှိခဲ့သည့် ပြည်သူ့ပါတီကို အပြတ်အသတ် အနိုင်ယူခဲ့သည်။
ထို့နောက် ဖြူးထိုင်းပါတီ အပါအဝင် ပါတီပေါင်း ၁၆ ပါတီဖြင့် ညွန့်ပေါင်းအစိုးရ တစ်ရပ်ကို စုစည်းတည်ထောင် ခဲ့ရာ စုစုပေါင်း အမတ်နေရာ ၂၉၂ နေရာအထိ ရရှိခဲ့သည်။
ထိုညွန့်ပေါင်း မဟာမိတ်အဖွဲ့က အနူတင်အား ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်ရန် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အနူတင်နဲ့ ဘူဂျထိုင်းပါတီ အမတ်တွေကို တွေ့ရစဉ်
ထို့နောက် အနူတင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ဝန်ကြီးချုပ်ရာထူး၌ ဆက်လက် တည်မြဲရန် ထပ်မံ ရွေးချယ်ခံရသည့် ပထမဆုံးသော ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
နိုင်ငံရေးလောကတွင် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်က ဆေးခြောက်ကို တရားဝင်ခွင့်ပြုရန် ရှေ့တန်းမှ လှုံ့ဆော်ခဲ့သည့် မစ္စတာအနူတင်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဝန်ကြီးချုပ်နေရာကို ဆက်ခံခဲ့ သူဖြစ်သည်။
ထိုအချိန်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ပေတုန်တန် (Paetongtarn Shinawatra) သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) နှင့် ပြောဆိုခဲ့သည့် ဖုန်းခေါ်ဆိုမှု အသံဖိုင် ပေါက်ကြား သွားပြီးနောက် ပေတန်တန်သည် ရာထူးမှ ဖယ်ရှားခံရပြီး အနူတင်သည် ဝန်ကြီးချုပ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ ဆိုဖွန် ဇာရမ် (Sophon Zaram) သည် ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံရသည့် အနူတင်၏ အမည်စာရင်းကို တော်ဝင်အမိန့်ဖြင့် ခန့်အပ် အတည်ပြုနိုင်ရန် ထိုင်းဘုရင်ထံသို့ တင်ပြသွားမည် ဖြစ်သည်။
ထို့နောက် အစိုးရသစ် ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်များကို စတင်နိုင်မည်ဖြစ်ပြီး အစိုးရအဖွဲ့သစ်သည် ဝန်ကြီးအဖွဲ့ကို စုစည်းပြီး ထိုင်းဘုရင်၏ အတည်ပြုချက် ရယူရန် တင်ပြရမည်ဖြစ်သည်။
ထိုင်းဘုရင်က ဝန်ကြီးအဖွဲ့ကို အတည်ပြုပြီးပါက အစိုးရသစ်သည် စီမံခန့်ခွဲရေး တာဝန်များကို တရားဝင် လွှဲပြောင်း မရယူမီ ၁၅ ရက်အတွင်း ၎င်းတို့၏ မူဝါဒလမ်းစဉ်များကို လွှတ်တော်သို့ တင်ပြရမည် ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
