CNI International News

ရီးယာ့ဒ်၊ မတ်လ ၂၀

ဆော်ဒီနိုင်ငံ ပင်လယ်နီကမ်းခြေ ရန်ဘူး (Yanbu) ဆိပ်ကမ်းမြို့ရှိ ဆမ်မရာ(SAMREF) ရေနံချက်စက်ရုံသည် မတ်လ ၁၉ ရက်က ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဆော်ဒီအာဏာပိုင်များက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ပျက်စီးဆုံးရှုံးမှု အခြေအနေကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ လက်ရှိတွင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းသာ ပြောဆိုခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ကူဝိတ်နိုင်ငံရှိ ရေနံချက်စက်ရုံနှစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စက်သုံးဆီဆိုင်ကို တွေ့ရစဉ်

မတ်လ ၁၈ ရက် ညပိုင်းကလည်း အီရန်၏ တိုက်ခိုက်မှုများကြောင့် ကာတာနှင့် ယူအေအီးရှိ သဘာဝဓာတ်ငွေ့ ဆိုင်ရာ နေရာများ ထိမှန်ခဲ့ပြီးနောက် ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းများ ထိုးတက်သွားခဲ့သည်။

မတ်လ ၁၁ ရက်နေ့က ပါရှန်းပင်လယ်ကွေ့အတွင်း ကာတာနှင့် အီရန်တို့ ပူးတွဲပိုင်ဆိုင်သည့် ဆောက်သ်ပါးစ် (South Pars) သဘာဝဓာတ်ငွေ့သိုက်ကို အစ္စရေးက တိုက်ခိုက်ခဲ့မှုအပေါ် အီရန်က လက်တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဈေးကွက်သို့ သဘာဝဓာတ်ငွေ့ အဓိကတင်ပို့နေသည့် ကာတာနိုင်ငံတွင် အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက် မှုကြောင့် အဓိကကျသော LNG (သဘာဝဓာတ်ငွေ့ရည်) စက်ရုံတစ်ခု၌ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်သမား များက ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ယခင်က တိုက်ခိုက်မှုများကြောင့် အဆိုပါ စက်ရုံ၏ ထုတ်လုပ်မှုများကို ရပ်နားထားပြီးဖြစ်သော်လည်း ယခု တစ်ကြိမ် ဒုံးကျည်များဖြင့် ထပ်မံတိုက်ခိုက်ခံရမှုကြောင့် ကြီးမားသော မီးလောင်ကျွမ်းမှုများနှင့် ပိုမိုပြင်းထန်သည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရေနံချက်စက်ရုံကိုတွေ့ရစဉ်

စက်ရုံ ပျက်စီးသွားမှုကြောင့် အီရန်စစ်ပွဲ ပြီးဆုံးသွားသည့် တိုင်အောင် ကာတာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဈေးကွက်သို့ ဓာတ်ငွေ့ ပြန်လည် တင်ပို့နိုင်ရန် ကြန့်ကြာမှုများ ရှိလာနိုင်သည်။

ကူဝိတ်နိုင်ငံတွင်လည်း မီနာ အယ်လ်-အာမာဒီ (Mina Al-Ahmadi) ရေနံချက်စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း နိုင်ငံပိုင် KUNA သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုစက်ရုံသည် တစ်နေ့လျှင် ရေနံစည်ပေါင်း ၇၃၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိပြီး အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး စက်ရုံများထဲမှ တစ်ခုဖြစ်သည်။

ထိုတိုက်ခိုက်မှုအပြီး မကြာမီမှာပင် အနီးရှိ မီနာ အဗ္ဗဒူလာ (Mina Abdullah) ရေနံချက်စက်ရုံလည်း ဒရုန်းဖြင့် တိုက်ခိုက်ခံရကာ မီးလောင်ကျွမ်းခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဘူဒါဘီ အာဏာပိုင်များကလည်း ၎င်းတို့၏ ဟပ်ရှန် (Habshan) ဓာတ်ငွေ့စက်ရုံနှင့် ဘတ်ဘ် (Bab) ရေနံမြေ တို့ကို ပိတ်ပစ်ခဲ့ရပြီး မတ်လ ၁၈ ရက်က အီရန်၏ တိုက်ခိုက်မှုများသည် အန္တရာယ်ရှိသော အခြေအနေအထိ မြင့်တက်လာခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။

Source: အေပီ