CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၃
ဇွန်လ ၂၂ ရက်က အီရန်၏ နျူကလီးယားစက်ရုံ ၃ ခုကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကမ္ဘာ့ ခေါင်းဆောင်များက အမျိုးမျိုးတုံ့ပြန်ခဲ့ကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (BENJAMIN NETANYAHU)က “ဂုဏ်ယူပါတယ် သမ္မတကြီး ထရမ့်။ အမေရိကန်ရဲ့ အံ့ဩထိတ်လန့်ဖို့ ကောင်းပြီး တရားမျှတတဲ့ လုပ်နိုင်စွမ်းနဲ့အတူ အီရန်ရဲ့ နျူကလီးယား စက်ရုံ တွေကို ပစ်မှတ်ထားခဲ့တဲ့ သင့်ရဲ့ ရဲဝံ့တဲ့ဆုံးဖြတ်ချက်ဟာ သမိုင်းကို ပြောင်းလဲစေပါလိမ့်မယ်။ သမ္မတထရမ့်ဟာ ကမ္ဘာ့အန္တရာယ် အရှိဆုံးနိုင်ငံကို ကမ္ဘာ့အန္တရာယ်အရှိဆုံး လက်နက်တွေ မပိုင်ဆိုင်အောင် လုပ်ဆောင်ခဲ့တယ်ဆို တာ သမိုင်းမှာ မှတ်တမ်းဝင်သွားပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
ထို့နောက် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက် အာရက်ချီ (ABBAS ARAQCHI)က “ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန်ဟာ ကုလသမဂ္ဂ ပဋိညာဉ်၊ နိုင်ငံတကာဥပဒေနဲ့ နျူကလီးယား မပျံ့ပွားရေးစာချုပ်ကို ချိုးဖောက်ပြီး အီရန်ရဲ့ ငြိမ်းချမ်းတဲ့ နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာပါလိမ့်မယ်”ဟု တုံ့ပြန်ခဲ့သည်။
အီရန်ကို တိုက်ခိုက်မှု သမ္မတ ဒေါ်နယ်ထရမ့် ကြေညာနေစဉ်
အလားတူ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန် (URSULA VON DER LEYEN)ကလည်း “အီရန်အနေနဲ့ ဘယ်တော့မှ နျူကလီးယားဗုံး မပိုင်ဆိုင်ရပါဘူး။ အရှေ့အလယ်ပိုင်းမှာ တင်းမာမှုဟာ အမြင့်ဆုံး အခြေအနေကို ရောက်နေပါပြီ။ တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်ရပါမယ်။ နိုင်ငံတကာဥပဒေကို လေးစားဖို့ လိုပါတယ်။ အီရန်အနေနဲ့ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ အချိန်ကျပါပြီ။ ငြိမ်းချမ်းရေး စားပွဲဝိုင်းကပဲ ဒီပဋိပက္ခကို အဆုံးသတ် စေနိုင်မှာပါ”ဟု ပြောကြားခဲ့သည်။
ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ ဒီမီထရီ မက်ဗီးဒက် (DMITRY MEDVEDEV)ကတော့ “ငြိမ်းချမ်းရေး ဖော်ဆောင် သူ တစ်ဦးဖြစ်ခဲ့တဲ့ ထရမ့်ဟာ အမေရိကန်အတွက် စစ်ပွဲအသစ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဒီပုံစံအတိုင်းသာဆိုရင် ထရမ့်ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရမှာမဟုတ်ပါဘူး”ဟု တုံ့ပြန် ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းနိုအယ် ဘာရော့ (JEAN-NOEL BARROT) က “နျူကလီးယား မပြန့်ပွားရေး စာချုပ်ရဲ့ မူဘောင်အတွင်းမှာ ပြဿနာကို ဖြေရှင်းဖို့ ပြင်သစ်က အကြံပြုပါတယ်”ဟု ပြောသည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (KEIR STARMER)ကလည်း “အီရန်ရဲ့ နျူကလီးယား စီမံကိန်းက နိုင်ငံတကာ လုံခြုံရေးအတွက် ဆိုးရွားတဲ့ ခြိမ်းခြောက်မှုပါ။ အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ခွင့် ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး။ အမေရိကန်က ခြိမ်းခြောက်မှုကို လျော့ပါးစေဖို့ အရေးယူ လုပ်ဆောင်ခဲ့တာပါ။ အရှေ့အလယ် ပိုင်းရဲ့ လုံခြုံရေး အခြေအနေက ကျိုးပျက်လွယ်နေပါတယ်။ အီရန်အနေနဲ့ ဆွေးနွေးပွဲ စားပွဲဝိုင်းကို ပြန်လာဖို့ ကျနော်တို့ တိုက်တွန်းပါတယ်”ဟု သူ၏ သဘောထားကို ထုတ်ဖော် ပြောကြားခဲ့သည်။
အမေရိကန် ဗုံးကြဲလေယာဉ် အုပ်စုကိုတွေ့ရစဉ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (ANTONIO GUTERRES)က “အရင်ကတည်းက ချောက်ကမ်းပါးစွန်းကို ရောက်နေတဲ့ အရှေ့အလယ်ပိုင်းဒေသအတွက် ဒီဖြစ်ရပ်က အန္တရာယ်ရှိပါတယ်။ ဒါဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေပါတယ်။ ပဋိပက္ခက ထိန်းမနိုင်သိမ်းမရ အခြေအနေ ဖြစ်လာနိုင်ပြီး အရပ်သားတွေအတွက် ကံဆိုးမိုးမှောင်ကျစေနိုင်ပါတယ်။ ကုလအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေကို လိုက်နာပြီး တင်းမာမှုကို လျှော့ချဖို့ တိုက်တွန်းပါတယ်”ဟု ပြောသည်။
ထို့နောက် ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ (SHIGERU ISHIBA)က “ပဋိပက္ခကို အမြန်ဆုံးလျှော့ချဖို့က အရေးကြီးပါတယ်။ အခြေအနေကို စိုးရိမ်စွာနဲ့ အနီးကပ်စောင့်ကြည့်နေပါတယ်”ဟု တုံ့ပြန်ခဲ့သည်။
အလားတူ အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုတာဂျာနီ (ANTONIO TAJANI)က “ဒီတိုက်ခိုက်မှု ဖြစ်ပွားပြီး တဲ့နောက် အီရန်အနေနဲ့ ဆွေးနွေးပွဲ စားပွဲဝိုင်းမှာ ထိုင်ဖို့နဲ့ တင်းမာမှုတွေ လျှော့ချနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ပြော သည်။
ထို့ပြင် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး ဝင်စတွန် ပီတာ (WINSTON PETERS)ကလည်း “အီရန် နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်ကြောင်း ကြေညာတဲ့ သမ္မတထရမ့်ရဲ့ ကြေညာချက် အပါအဝင် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း က အဖြစ်အပျက်တွေကို ကျနော်တို့ သိရှိထားပါတယ်။ အရှေ့အလယ်ပိုင်းမှာ စစ်ရေးအရ တိုက်ခိုက်မှုတွေ ဆက် လက် ဖြစ်ပွားနေတာဟာ အရမ်းစိုးရိမ်ဖို့ ကောင်းပါတယ်။ စစ်ရေးထက် သံတမန်ရေးနဲ့ ဖြေရှင်းတာက အဖြေကို ရှာဖွေတွေ့ရှိပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ယဗင်ဂျီလ် (YVAN GIL)ကတော့ “အီရန်အပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ဗင်နီဇွဲလားက ရှုတ်ချပါတယ်။ ပြီးတော့ ရန်လိုတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းပါတယ်”ဟု တုံ့ ပြန် ပြောကြားခဲ့သည်။
အလားတူ ကျူးဘားသမ္မတ မီဂူယယ် ဒီယက်ဇ် ကာနယ် (MIGUEL DIAZ-CANEL)ကလည်း “အီရန်ရဲ့ နျူကလီး ယား စက်ရုံတွေကို အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကျနော်တို့ ရှုတ်ချပါတယ်။ ဒါက အရှေ့အလယ်ပိုင်း ပဋိပက္ခကို ပိုပြီး အန္တရာယ်ရှိစေပါတယ်။ ပြီးတော့ ကုလသမဂ္ဂ ပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှု ဖြစ်ပြီး လူသားတွေကို အစားထိုးမရတဲ့ ဆုံးရှုံးနစ်နာမှုတွေ ခံစားစေခဲ့ပါတယ်”ဟု ပြောသည်။
Source: ရိုက်တာ