CNI International News

ကူမင်း၊ ဇွန်လ ၂၃

တရုတ်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနများမှ ထိပ်သီးအရာရှိများ ပါဝင်သည့် ပထမဆုံး အကြိမ် သုံးပွင့်ဆိုင် အစည်းအဝေးကို ဇွန်လ ၁၉ ရက်က ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း Indian Express မှ ဖော်ပြခဲ့သည်။

ထိုအစည်းအဝေးကို တရုတ်နိုင်ငံတောင်ပိုင်း၊ ယူနန် (Yunnan) ပြည်နယ်၊ ကူမင်း (Kunming) မြို့တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ပြီးခဲ့သည့် လကလည်း ပါကစ္စတန်၊ အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးများနှင့် သုံးပွင့်ဆိုင် အစည်းအဝေးကို ပြုလုပ်ခဲ့ပြီးနောက် ယခုအစည်းအဝေးသည် တရုတ်အတွက် အိန္ဒိယ၏ အိမ်နီးချင်း နိုင်ငံများ ပါဝင်သည့် ဒုတိယအကြိမ်မြောက် သုံးပွင့်ဆိုင် အစည်းအဝေး ဖြစ်သည်။

ပါကစ္စတန်၊ တရုတ်၊ အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးများကိုတွေ့ရစဉ်

ကူမင်းတွင် ပြုလုပ်သည့် အစည်းအဝေးကို တရုတ်၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး စွန်းဝေတုန်း (Sun Weidong)၊ ဘင်္ဂလားဒေ့ရှ် ယာယီနိုင်ငံခြားရေးဝန်ကြီး ရာဟူးလ် အလမ် ဆစ်ဒစ် (Ruhul Alam Siddique) နှင့် ပါကစ္စတန်၏ အရန်နိုင်ငံခြားရေးအတွင်းဝင် အမ်မရန် အာမက် ဆစ်ဒီကွီ (Imran Ahmed Siddiqui) တို့ တက်ရောက်ခဲ့သည်။

ထို့ပြင် ပါကစ္စတန် နိုင်ငံခြားရေးအတွင်းဝန် အမ်နာ ဘာလို့ချ် (Amna Baloch) ကလည်း အစည်းအဝေး အစပိုင်း ဆွေးနွေးမှုများကို ဗွီဒီယို ဆက်သွယ်မှုမှတဆင့် တက်ရောက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်သည် တရုတ်၏ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ အိမ်နီးချင်းကောင်းများ ဖြစ်ကြောင်း တရုတ်ဒုတိယနိုင်ငံခြးရေးဝန်ကြီး စွန်းက ပြောကြားခဲ့သည်။

ထိုနှစ်နိုင်ငံစလုံးသည် တရုတ်၏ ပတ်လမ်း၊ရပ်ဝန်းစီမံကိန်းအတွက် အဓိကမိတ်ဖက်နိုင်ငံများဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

တရုတ်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် သံတမန်အရာရှိများကို တွေ့ရစဉ်

သုံးနိုင်ငံအရာရှိများသည် ၎င်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရေးအတွက် သဘောထားများအား ဖလှယ်ခဲ့ကြပြီး နောက်ထပ် သဘောတူညီချက်များနှင့် အတွေးအမြင်များကို အကောင်အထည်ဖော်ရန်အတွက် ပူးတွဲအဖွဲ့တစ်ဖွဲ့ထူထောင်ရန်လည်း သဘောတူညီခဲ့ကြသည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။

တရုတ်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့ကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုသည် ၃ နိုင်ငံစလုံးရှိ ပြည်သူ များ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့ကို အထောက်အကူ ပြုနိုင်ကြောင်း စွန်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ကနဦး ဆွေးနွေးမှုများကို အခြေခံပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် လက်တွေ့ကျသော ခြေလှမ်းများကို ရှာဖွေရန်နှင့် နောက်ထပ် အစည်းအဝေးများ ထပ်မံကျင်းပရန် မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: Indian Express