CNI International News

အစ္စလာမ်မာဘက်၊ မေလ ၂၂

အိန္ဒိယနှင့် ပါကစ္စတန်ကြား ပစ်ခတ်တိုက်ခိုက်မှုများ အဆုံးသတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်နှင့် ကုန်သွယ်မှုအပြင် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် သဘောတူခဲ့ကြောင်း ပါကစ္စတန်က မေလ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နှစ်ပေါင်း ၃၀ နီးပါးအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုအဖြစ် ၄ ရက်ဆက်တိုက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မေလ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၂ ရက်က အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် လူ ၂၆ ဦး သေဆုံးခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အိန္ဒိယနှင့်ပါကစ္စတန်ကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့သော်လည်း ပါကစ္စတန်မှ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

မေလ ၂၂ ရက်တွင်မူ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အစ်ဟက် ဒါး ( Ishaq Dar) သည် ဘေဂျင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် တွေးဆုံခဲ့သည်။

ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ရစဉ်

ဝမ်က တရုတ်သည် မတူကွဲပြားမှုများကို ဆွေးနွေးမှုများဖြင့် ဖြေရှင်းပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်၏ အားထုတ်ကြိုးပမ်းမှုများကို ကြိုဆိုကြောင်းနှင့် ထောက်ခံကြောင်း မေလ ၂၂ ရက်က ပြောကြားခဲ့သည်။

တရုတ်သည် ပါကစ္စတန်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်မှုတွင် ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ဝမ်က ဒါးကို ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံကြား နီးကပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စက်မှုနှင့် အခြားကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် သဘောတူညီခဲ့သည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဒါးနှင့် ဝမ်ယိတို့သည် ဘေဂျင်းတွင် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး အမီယာခန်း မွတ်တာကီနှင့်လည်း သီးခြား အစည်းအဝေး ပြုလုပ်ခဲ့ကြသည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source: ရိုက်တာ