CNI International News

ဘေဂျင်း၊ မေလ ၉

ပြီးခဲ့သည့်နှစ်က အိန္ဒိယနှင့် ပါကစ္စတန်ကြား ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ပါကစ္စတန်ကို မြေပြင်တွင် နည်းပညာ ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးခဲ့ကြောင်း တရုတ်နိုင်ငံက ပထမဆုံးအကြိမ် အတည်ပြု ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

အဆိုပါ ပဋိပက္ခအတွင်း ပါကစ္စတန်စစ်တပ်၏ တရုတ်နိုင်ငံထုတ် တိုက်လေယာဉ် တစ်စင်းသည် အိန္ဒိယ၏ ပြင်သစ်နိုင်ငံထုတ် တိုက်လေယာဉ် တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနဖြစ်သော CCTV သည် ထိုစစ်ပွဲအတွင်း ပါကစ္စတန်အား နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးခဲ့သည့် တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) ၏ ချန်ဒူးလေယာဉ် ဒီဇိုင်းနှင့် သုတေသနဌာနမှ အင်ဂျင်နီယာ ကျန်းဟန် (Zhang Heng) နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုကို မေလ ၇ ရက် က ထုတ်လွှင့်ခဲ့သည်။

ပါကစ္စတန်လေတပ်တွင် တရုတ်နိုင်ငံထုတ် J-10CE တိုက်လေယာဉ်များ ပိုင်ဆိုင်ထားပြီး၊ ထိုလေယာဉ်များအနက် J-10CE တိုက်လေယာဉ် တစ်စင်းသည် စစ်ပွဲအတွင်း အိန္ဒိယ၏ ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ် တစ်စင်းကို ပစ်ချခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

တရုတ်ထုတ် ပါကစ္စတန် တိုက်လေယာဉ်တွေကိုတွေ့ရစဉ်

ထိုဖြစ်စဉ်သည် တရုတ်တိုက်လေယာဉ် အမျိုးအစားတစ်ခုက ရန်သူ့လေယာဉ်ကို ပစ်ချနိုင်ခဲ့သည့် ပထမဆုံး အကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သလို Rafale တိုက်လေယာဉ်တစ်စင်း ပစ်ချခံရသည့် ပထမဆုံးဖြစ်စဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

“အခြေစိုက်စခန်းမှာ တိုက်လေယာဉ်တွေ ပျံတက်သွားတဲ့ အသံတွေနဲ့ လေကြောင်းရန် သတိပေး ဥဩသံတွေ အမြဲကြားနေရပါတယ်။ မေလရဲ့ မနက်ပိုင်း အချိန်တွေမှာတောင် အပူချိန်က ၅၀ ဒီဂရီဆဲလ်စီးယပ်စ်နီးပါး ရှိနေပါပြီ။ ဒါဟာ ကျနော်တို့အတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တကယ့်ကို ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ပါပဲ” ဟု ကျန်းက အင်တာဗျူးတွင် ပြောကြားခဲ့သည်။

၎င်း၏အဖွဲ့ကို တွန်းအားပေးခဲ့သည့် အရာမှာ မြေပြင်ပံ့ပိုးကူညီမှု လုပ်ငန်းများကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်လိုစိတ်နှင့် ၎င်းတို့ကုမ္ပဏီထုတ် J-10CE လေယာဉ်များ၏ တိုက်ခိုက်နိုင်စွမ်းကို စိတ်ချသေချာမှု ရှိစေရန် ဖြစ်ကြောင်း ကျန်းက ပြောကြားခဲ့သည်။

Source: South China Morning Post