CNI International News

ဒက်ကာ၊ ဇွန်လ ၂၀

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာ ကွန်ဂို) နှင့် ယူဂန်ဒါနိုင်ငံတို့တွင် ဖြစ်ပွားနေသော အီဘိုလာရောဂါ ကူးစက် ပြန့်ပွားမှုကြောင့် ပထမ တစ်လအတွင်းမှာပင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး လက်ရှိတွင် ရောဂါ ကူးစက်ခံရနိုင်ခြေရှိသူ ၃၅,၀၀၀ ခန့်အထိ ရှိနေကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုရောဂါကူးစက်ခံရမှုနှုန်းသည် တစ်လတာ ကာလအတွင်း အဆိုးရွားဆုံး အခြေအနေဖြစ်ကြောင်း အာဖရိက ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) က ဇွန်လ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ယခုအချိန်အထိ အတည်ပြုလူနာ ၈၉၄ ဦး ရှိနေပြီး လက်ရှိ ဖြစ်ပွားနေသော ကူးစက်မှုသည် ၂၀၀၀ ပြည့်နှစ်က ယူဂန်ဒါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရောဂါကူးစက်မှုထက် ၃ ဆ ပိုမိုဆိုးရွားနေသည်ဟု Africa CDC မှ ဆေးဘက် ဆိုင်ရာ ကူးစက်ရောဂါ ဗေဒပညာရှင် ဒေါက်တာ ဝက်ဆမ် မန်ကူလာ (Dr. Wessam Mankoula)က ပြောကြား ခဲ့သည်။

၂၀၀၀ ပြည့်နှစ်က ယူဂန်ဒါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အီဘိုလာရောဂါ ကူးစက်မှု ကာလအတွင်း အတည်ပြုလူနာ ၂၈၁ ဦးသာ ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

လက်ရှိ ရောဂါကူးစက်မှုကို မေလ ၁၅ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့ခြင်းပြီး အတည်ပြုလူနာ အရေအတွက်သည် မှတ်တမ်းတင်ထားသည့် လူနာ ၈၉၄ ဦးထက် ပိုမိုများပြားနိုင်ခြေရှိပြီး သီတင်းတစ်ပတ်အတွင်း ကူးစက်မှု ၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ကွန်ဂိုအရှေ့ပိုင်းရှိ ကျန်းမာရေးဇုန် ၃၂ ခုအထိ ပျံ့နှံ့နေပြီဖြစ်ကြောင်း မန်ကူလာက ပြောသည်။

အာဖရိကလူမျိုးများကို တွေ့ရစဉ်

ယခုဖြစ်ပွားနေသည့် အီဘိုလာရောဂါ ကူးစက်မှုသည် ရှားပါး Bundibugyo ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ပွားခြင်း ဖြစ်ပြီး ထိုဗိုင်းရပ်စ်အတွက် အတည်ပြုထားသည့် ကာကွယ်ဆေးနှင့် ကုသဆေးများ မရှိသေးပေ။

ဒီအာကွန်ဂိုနိုင်ငံတွင် ယခင်က ၁၆ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ဖူးသည့် အီဘိုလာရောဂါ အများစုမှာမူ Zaire ဗိုင်းရပ်စ် မျိုးကွဲကြောင့်ဖြစ်ပြီး ထိုဗိုင်းရပ်စ် မျိုးကွဲအတွက် ကာကွယ်ဆေးများ ရှိပြီးသားဖြစ်သည်။

ယခုအချိန်အထိ အီအာကွန်ဂိုအရှေ့ပိုင်းနှင့် ယူဂန္ဓာနိုင်ငံတစ်ဝန်းတွင် အီဘိုလာရောဂါမှ ပြန်လည်သက်သာလာသူ လူနာ ၇၄ ဦး ရှိပြီဖြစ်သည်။

ရောဂါကူးစက်ပြန့်ပွားမှုသည် ကွန်ဂိုနိုင်ငံအရှေ့ပိုင်း အီတူရီ (Ituri) ပြည်နယ်တွင် အဓိကဖြစ်ပွားနေပြီး ရောဂါ ဖြစ်ပွားမှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ထိုပြည်နယ်မှ ဖြစ်သည်။

Source: အေပီ