CNI International News
ဘန်ကောက်၊ မေလ ၁၅
အိန္ဒိယနိုင်ငံ၏ ဆေးဝါးများသည် အာဖရိကတိုက်တွင် ဇွမ်ဘီ မူးယစ်ဆေး (Zombie drug) ဟု အမည်ပေးထား သည့် မူးယစ်ဆေးဝါး အကျပ်အတည်းကို ပိုမိုဆိုးရွားစေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုဆေးပြားများသည် သာမန် အကိုက်အခဲ ပျောက်ဆေးများကဲ့သို့ပင် တစ်ကတ်လျှင် ၁၀ လုံးပါဝင်သည့် အထုပ် များဖြင့် လာပြီး အနောက်အာဖရိက တစ်လွှားရှိ လမ်းဘေးဈေးဆိုင်များတွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သည်။
အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော Tapentadol ဆေးပြား သန်းပေါင်းများစွာသည် အာဖရိကဒေသကို ပျက်စီးစေ သည့် Opioid ဆေးစွဲမှု ကပ်ဆိုးကို တွန်းအားပေးနေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
Opioid ဆိုသည်မှာ အလွန်ပြင်းထန်ပြီး လူကို စွဲလမ်းစေတတ်သည့် အပြင်းစား အကိုက်အခဲ ပျောက်ဆေး အမျိုးအစားများ ဖြစ်သည်။
ဈေးနှုန်းချိုသာသော ထိုဆေးပြားများသည် အာနိသင် ပြင်းထန်လွန်းသဖြင့် ကမ္ဘာပေါ်ရှိ မည်သည့် အာဏာပိုင် အဖွဲ့အစည်းကမျှ ထိုဆေးပြားများကို မိမိသဘော ဆန္ဒအလျောက် အသုံးပြုရန် ခွင့်ပြုချက် ပေးထားခြင်း မရှိပေ။
အိန္ဒိယအစိုးရ အနေဖြင့် အဆိုပါ ဆေးဝါးရောင်းဝယ်မှုကို နှိမ်နင်းမည်ဟု ကတိပြုထားသော်လည်း အိန္ဒိယဆေးဝါး ကုမ္ပဏီများသည် အနောက်အာဖရိကသို့ ထိုဆေးပြားများအား အလုံးအရင်းနှင့် တင်ပို့နေကြကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ စုံစမ်းစစ်ဆေးမှုအရ တွေ့ရှိခဲ့သည်။

အိန္ဒိယက တင်သွင်းတဲ့ Tapentadol ဆေးပြားကို အာဖရိကအာဏာပိုင်တွေ စစ်ဆေးနေစဉ်
အချို့သော ဆေးဝါးကုန်ပစ္စည်း တင်ပို့မှုများတွင် "လူသားများ သုံးစွဲရန်အတွက် ဘေးအန္တရာယ်မရှိသော ဆေးဝါး များ" ဟူ၍ပင် အညွှန်းစာသား ကပ်ထားကြသည်။
အကောက်ခွန် မှတ်တမ်းများအရ အာနိသင် ပြင်းထန်သည့် ထိုဆေးဝါးများကို အိန္ဒိယနိုင်ငံမှ နိုင်ဂျီးရီးယား၊ ဆီယာ လီယွန်နှင့် ဂါနာနိုင်ငံများသို့ လစဉ် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ တန်ဖိုးရှိသော ပမာဏဖြင့် တင်ပို့နေကြောင်း ဖော်ပြထားသည်။
ဖော်ပြပါ နိုင်ငံများမှာ ထိုဆေးဝါးများကို ပမာဏ အနည်းငယ်မျှပင် သုံးစွဲခွင့် ပြုမထားသော နိုင်ငံများဖြစ်သည်။
အမေရိကန် တစ်နိုင်ငံတည်းမှာပင် လူပေါင်း ၁ သန်းခန့် သေဆုံးမှုနှင့် ဆက်စပ်နေပြီးနောက် ချမ်းသာသော နိုင်ငံများတွင် Opioid ဆေးဝါးများကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။
ထို့ကြောင့် ကမ္ဘာပေါ်တွင် ဆေးဝါး အများဆုံး ထုတ်လုပ်သည့် အိန္ဒိယရှိ အချို့ ကုမ္ပဏီများသည် အာဖရိက ဈေးကွက်သို့ အပြင်းအထန် စျေးကွက်ချဲ့ထွင်ပြီး ထိုးဖောက်လာကြခြင်း ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်
