CNI International News

မနီလာ၊ မေလ ၁၅

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က အလိုရှိနေသည့် ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် ရော်နယ် ဘာတို ဒီလာရိုဆာကို ဝင်ရောက် ဖမ်းဆီးစဉ် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက် သွားခဲ့ ကြောင်း ၎င်း၏ ဇနီးဖြစ်သူက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဒီလာရိုဆာ (Ronald "Bato" dela Rosa) သည် လွှတ်တော်အတွင်း ခိုလှုံနေခဲ့ခြင်းဖြစ်ပြီး မေလ ၁၄ ရက်တွင် လွှတ်တော်၌ မရှိတော့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ အလန် ပီတာ ကာယေတာနို (Alan Peter Cayetano) က ပြောကြားခဲ့သည်။

ဒီလာရိုဆာသည် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး ( Rodrigo Duterte) ၏ သွေးစွန်းခဲ့သော မူးယစ်ဆေးဝါး စစ်ပွဲတွင် ရဲချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ဒူတာတေး ကဲ့သို့ပင် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများဖြင့် ဖမ်းဆီးရန် အလိုရှိခြင်း ခံနေရသူဖြစ်သည်။

ICC က အလိုရှိနေသူ ရော်နယ် ဘာတို ဒီလာရိုဆာကို တွေ့ရစဉ်

သူသည် မေလ ၁၁ ရက်ကတည်းက လွှတ်တော်၏ အကာအကွယ်အောက်တွင် ခိုလှုံနေထိုင်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၃ ရက်တွင် လွှတ်တော်အတွင်း သေနတ်သံများ ထွက်ပေါ်လာခဲ့သည်။

ထိုသေနတ်သံများ မထွက်ပေါ်မီ နာရီပိုင်းအလိုက အသက် ၆၄ နှစ်အရွယ် ဒီလာရိုဆာသည် ၎င်းအား ဖမ်းဆီးရန် အေးဂျင့်များ လာနေပြီဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပြောကြားကာ ထောက်ခံသူများ စုရုံးပေးကြရန် တောင်းဆို ခဲ့သည်။

၎င်း၏ မဟာမိတ်ဖြစ်သူ လွှတ်တော်ဥက္ကဋ္ဌ ကာယေတာနို (Alan Peter Cayetano) က ဒီလာရိုဆာသည် လွှတ်တော်အတွင်း မရှိတော့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ယခုကဲ့သို့ ရှုပ်ထွေးမှုများ ဖြစ်ပွားစေခဲ့သည့်အတွက် တောင်းပန်ထားသော ဒီလာရိုဆာ၏ ဇနီးထံမှ ပေးပို့သည့် စာတိုတစ်စောင်ကို သတင်းထောက်များအား ဖတ်ပြခဲ့သည်။

ဇနီးဖြစ်သူ နန်စီ ဒီလာရိုဆာ (Nancy dela Rosa) ပေးပို့သည့် ထိုစာထဲတွင် လက်ရှိ အခြေအနေများကြောင့် ဒီလာရိုဆာ ထွက်ပြေးလွတ်မြောက်သွားသည်မှာ သေချာကြောင်း ရေးသားထားသည်။

သို့သော် ဒီလာရိုဆာ မည်သည့် နေရာသို့ ရောက်ရှိနေသည်ကို ထိုစာထဲတွင် ထုတ်ဖော် ပြောဆိုထားခြင်း မရှိပေ။

လွှတ်တော်အတွင်း လက်နက်ကိုင်ဆောင် ဝင်လာစဉ်

အထက်လွှတ်တော်အတွင်း ရှုပ်ထွေးစေခဲ့သည့် ထိုဖြစ်ရပ်သည် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) ၏ အာဏာအပေါ် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့် ဒီလာရိုဆာ ထွက်ပြေးသွားခြင်း ရှိ/မရှိ လွှတ်တော်တွင်း ကြားရသည့် သေနတ်သံများနှင့် လွှတ်တော်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သူများမှာ မည်သူမည်ဝါဖြစ်သည်ကို မေလ ၁၄ ရက်အထိ အတည် မပြုနိုင်သေးပေ။

မားကို့စ်သည် ဩဇာကြီးမားသော ဒူတာတေး မိသားစု အပါအဝင် ၎င်းတို့၏ နိုင်ငံရေး မဟာမိတ်များနှင့် ပြင်းထန် သော အားပြိုင်မှုများ ဖြစ်ပွားနေသော်လည်း သမ္မတဟောင်း ဒူတာတေး၏ သစ္စာခံတစ်ဦးဖြစ်သူ ဒီလာရိုဆာကို ဖမ်းဆီးရန် အမိန့်ပေးခဲ့ခြင်း မရှိကြောင်း အခိုင်အမာ ပြောကြားထားသည်။

ဒီလာရိုဆာက လူမှုကွန်ရက်မှတဆင့် အကူအညီ တောင်းခံခဲ့မှုကြောင့် မေလ ၁၃ ရက်တွင် ရှုပ်ထွေးမှုများ ဖြစ်ပွားခဲ့ပြီး၊ အထက်လွှတ်တော်တွင် ရဲနှင့် လက်နက်ကိုင် လုံခြုံရေးများ အများအပြား ချထားခြင်း၊ လွှတ်တော် ပြင်ပတွင် ဆန္ဒပြမှုများ ဖြစ်ပွားခြင်းတို့ ရှိခဲ့သည်။

Source: ရိုက်တာ