CNI International News
မနီလာ၊ မေလ ၁၄
ဖိလစ်ပိုင်နိုင်ငံတွင် မေလ ၁၂ ရက်က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မျှော်လင့်မထားသည့် ရလဒ်များ ထွက်ပေါ်ခဲ့ပြီးနောက် သမ္မတဟောင်း ဒူတာတေးက မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုရွေးကောက်ပွဲတွင် မဲရလဒ် ၈၀ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်တွင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) ၏ မဟာမိတ်များသည် အထက်လွှတ်တော် နေရာများကို မျှော်မှန်းထားသလောက် ရရှိခဲ့ခြင်းမရှိပေ။
မူးယစ်ဆေးဝါး စစ်ပွဲအတွင်း လူပေါင်းထောင်ချီ သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC) တွင် ထိန်းသိမ်းခံထားရသည့် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) သည် ဒါဗောင်း (Davao) မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ရသည်။
ဖိလစ်ပိုင်ဒုသမ္မတ ဆာရာဒူတာတေးကို တွေ့ရစဉ်
ထို့ကြောင့် စွပ်စွဲပြစ်တင် ခံထားရသည့် ၎င်း၏ သမီးဖြစ်သူ ဆာရာဒူတာတေး (Sara Duterte) ၏ နိုင်ငံရေး ကံကြမ္မာသည် ကြီးမားသည့် ပြောင်းလဲမှုမရှိခဲ့ပေ။
မေလ ၁၂ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အထက်လွှတ်တော်၏ နေရာ ၁၂ နေရာ၊ အောက်လွှတ်တော် ၏ နေရာ ၃၁၇ နေရာ၊ ပြည်နယ်များ၊ မြို့များနှင့် မြို့နယ်များ၏ ဒေသန္တရအုပ်ချုပ်ရေး ရာထူးနေရာ စုစုပေါင်း ၁၈,၀၀၀ အတွက် မဲပေးရန် မှတ်ပုံတင်ထားသည့် ဖိလစ်ပိုင်နိုင်ငံသား ၆၈ သန်းကျော်က မဲပေးခဲ့ကြခြင်းဖြစ်သည်။
အထက်လွှတ်တော် ၁၂ နေရာတွင် သမ္မတမားကို့စ်ဂျူနီယာ၏ မဟာမိတ်များက ၆ နေရာရခဲ့ပြီး ဒူတာတေး မိသားစုက ထောက်ခံပေးထားသည့် ကိုယ်စားလှယ်လောင်းများအနက် တစ်ဦးကသာ အထက်လွှတ်တော်နေရာ ၁ နေရာကို ရရှိခဲ့သည်။
ဒူတာတေးကို ထောက်ခံသူများအား တွေ့ရစဉ်
သမ္မတဟောင်း ဒူတာတေးသည် ဒါဗောင်းမြို့တော်ဝန်အဖြစ် ထပ်မံရွေးကောက် ခံရလိမ့်မည်ဟု မျှော်မှန်း ထားသည့်အတိုင်း အနိုင်ရခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မိသားစုသည် ထိုမြို့၏ မြို့တော်ဝန်နေရာကို ၁၉၈၀ ပြည့်နှစ် ကတည်းက ရရှိခဲ့ခြင်းဖြစ်သည်။
ဒူတာတေးသည် ၂၀၁၆ ခုနှစ်က သမ္မတအဖြစ် ရွေးကောက် မခံရမီ အချိန်အထိ ဒါဗောင်းမြို့တော်ဝန်အဖြစ် နှစ်ပေါင်း ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
သက်တမ်းဝက် ရွေးကောက်ပွဲ၏ ရလဒ်အပြည့်အစုံကို ယခုသီတင်းပတ်အတွင်း တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Source: Nikkei Asia