CNI International News
မနီလာ၊ မတ်လ ၁၂
နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲ တွင် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် ဖမ်းဆီးရန် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ၏ တောင်းဆိုမှုဖြင့် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဒူတာတေးအား မတ်လ ၁၁ ရက် တွင် ဖမ်းဆီးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အင်တာပိုလ် မနီလာရဲတပ်ဖွဲ့သည် ICC ၏ ဖမ်းဝရမ်း မိတ္တူကို မတ်လ ၁၁ ရက် နံနက်ပိုင်းက လက်ခံရရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ၏ ဆက်သွယ်ရေးရုံးက ထုတ်ပြန်ခဲ့သည်။
“သမ္မတဟောင်းဟာ ကျန်းမာရေးကောင်းမွန်နေပြီး အစိုးရ ဆရာဝန်တွေရဲ့ စစ်ဆေးမှုကို ခံယူပြီးပါပြီ။ ဆရာဝန် တွေကလည်း ဒူတာတေးရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ ပြောပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လက်ရှိတွင် ဒူတာတေးသည် အာဏာပိုင်များ၏ ထိန်းသိမ်းခြင်းကို ခံထားရသည်။
Facebook ပေါ်တွင် ပျံ့နေသည့် ဗွီဒီယိုတစ်ခုတွင် လေယာဉ်ဖြင့် ခေါ်ဆောင်ခံလာခဲ့ရသည့် ဒူတာတေးသည် ရဲအရာရှိများကို စကားပြောနေပုံများအား မြင်တွေ့ရသည်။
အင်တာပိုလ်ရဲတပ်ဖွဲ့ကိုတွေ့ရစဉ်
“ခင်ဗျားက ကျနော့်ကို သတ်လိုက သတ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက နိုင်ငံခြားသားတွေဘက်က ရပ်တည်မယ်ဆိုရင်တော့ ကျနော်က ခွင့်ပြုမှာမဟုတ်ပါဘူး”ဟု ဒူတာတေးက ပြောကြားခဲ့သည်။
ရဲအရာရှိကမူ ၎င်းတို့သည် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ပြန်လည် ပြောကြားခဲ့ သည်ကို ဗွီဒီယိုထဲတွင် မြင်တွေ့ရသည်။
ဒူတာတေးကို ဗီလာမော် လေတပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ထိုလေဆိပ်မှတဆင့် နယ်သာလန်နိုင်ငံ သည်ဟိဂ် (The Hague) မြို့ရှိ ICC သို့ သွားရောက်ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
ဒူတာတေးသည် ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း လူပေါင်း ထောင်ချီ သေဆုံးခဲ့သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲကို ဆင်နွှဲခဲ့သဖြင့် ပြည်တွင်း/ပြည်ပ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။
ထိုမူးယစ်စစ်ပွဲအတွင်း သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုများနှင့် အတိုက်အခံ နိုင်ငံရေးသမားများ၏ တိုင်ကြားစာများကြောင့် ICC က ဒူတာတေး၏ မူးယစ်စစ်ပွဲကို ၂၀၁၈ ခုနှစ်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
Source: ရိုက်တာ