CNI International News
ဒမတ်စကတ်၊ မတ်လ ၁၂
ဆီးရီးယားအစိုးရအဖွဲ့သစ်သည် ကာ့ဒ်ဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) နှင့် ပူးပေါင်းရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆီးရီးယားသမ္မတရုံးက မတ်လ ၁၀ ရက်တွင် ထုတ်ပြန်သည့် ဗွီဒီယိုထဲ၌ ဆီးရီးယား ယာယီသမ္မတ အာမက် အယ်ရှာရား (Ahmed al-Sharaa) နှင့် SDF တပ်မှူး မာဇလွမ် အဗ္ဗဒီ (Mazloum Abdi) တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးနေပုံကို ဖော်ပြထားသည်။
ထိုသဘောတူစာချုပ်သည် ဆီးရီးယား၏ ၁၄ နှစ်ကြာ ပဋိပက္ခနှင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အာဆတ် (Bashar al-Assad) ၏ အစိုးရအဖွဲ့ ပြုတ်ကျသွားပြီးနောက် ဆီးရီးယားနိုင်ငံ စည်းလုံးညီညွတ်ရေးကို တည်ဆောက်လိုသည့် ရှာရား၏ ရည်မှန်းချက်အတွက် အဓိက ခြေလှမ်းတစ်ရပ်ဖြစ်သည်။
ထိုသဘောတူညီချက်အရ ရန်လိုမှုများကို အလုံးစုံ အဆုံးသတ်ရေး၊ SDF က ထိန်းချုပ်ထားသည့် လေဆိပ်များ၊ ရေနံစက်ရုံများ၊ ဓာတ်ငွေ့တွင်းများ အပါအဝင် အရပ်ဘက်နှင့် စစ်ဘက်ဌာနများသည် အစိုးရ၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိမည်ဖြစ်သည်။
ကာ့ဒ်သူပုန် ထောက်ခံသူများကို တွေ့ရစဉ်
ထိုသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ဆီးရီးယား၏ အရှေ့မြောက်ပိုင်းရှိ ကာမီရှလီ (Qamishli) မြို့တွင် ဒေသခံများက လမ်းများပေါ်ထွက်ပြီး ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြသည်။
“လူတွေက ဒီလိုသဘောတူညီချက်ကို လိုအပ်နေတာပါ။ ကမ္ဘာကြီးဟာ စစ်ပွဲတွေကြောင့် ပင်ပန်းနေပါပြီ။ အဲဒါ ကြောင့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပြီး ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ဆီးရီးယားနိုင်ငံတော်သစ်ကို ထူထောင် နိုင်မယ့် ဒီသဘောတူညီချက်ကို ကျနော်တို့က ပျော်ရွှင်စွာ အောင်ပွဲခံနေကြတာပါ”ဟု မြို့ခံတစ်ဦးက ပြောကြား ခဲ့သည်။
အမေရိကန် ထောက်ပံ့ပေးထားသည့် SDF သည် တူရကီက ထောက်ပံ့ပေးထားသော လက်နက်ကိုင်အဖွဲ့များနှင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် နှစ်ပေါင်းများစွာကြာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ထိုသဘောတူညီချက်နှင့်ပတ်သက်ပြီး ရှာရား၏ အနီးကပ် မဟာမိတ်ဖြစ်သည့် တူရကီကမူ ချက်ချင်း မှတ်ချက် ပေးခဲ့ခြင်း မရှိပေ။
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် SDF ကို ကူညီပေးနေသည့် ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်ဖွဲ့များအား ပြန်လည်ရုပ်သိမ်း နိုင်ခြေရှိသဖြင့် SDF ခေါင်းဆောင်များသည် ဆီးရီးယားအစိုးရနှင့် သဘောတူညီချက်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
Source: ရိုက်တာ