CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂
တရုတ်အနေဖြင့် ရုရှားနှင့် နစက ညှိနှိုင်းသဘောတူခဲ့သည့် ကိစ္စများ၊ ရှေ့လျှောက်လုပ်မည့် လုပ်ငန်းစဥ်များအား အသေးစိတ်နားလည်ဖို့အတွက် မြန်မာနိုင်ငံသို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း ရောက်ရှိလာခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းက လာရောက်တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။
နစကနှင့်ရုရှားတို့ မည်မျှအတိုင်းအတာအထိ သဘောထားများ ညှိနှိုင်းပြီး ပြည်တွင်းတွင် ဆက်လက် လုပ်ဆောင် သွားရန် ရှိသလဲဆိုသည့်အပေါ် အသေးစိတ်နားလည်ဖို့ မြန်မာနိုင်ငံသို့ လာရောက်၍ တွေ့ဆုံဆွေးနွေးမှု လုပ်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌနဲ့ ရုရှားသမ္မတ ပူတင်ကို သဘောတူညီချက် လက်မှတ်ထိုးသည့် ကိုယ်စားလှယ်နဲ့အတူ တွေ့ရစဉ်
၎င်းက “ကျနော့် အမြင်ကတော့ တရုတ်အနေနဲ့ သူ့ရဲ့မဟာမိတ် ရုရှားနဲ့ ဗမာပြည်က စစ်ကောင်စီ ဘာတွေများ ညှိနှိုင်း သဘောတူခဲ့သလဲ၊ ရှေ့လျှောက် ဘယ်လိုလုပ်ငန်းစဥ်တွေ လုပ်မှာလဲဆိုတာကို အသေးစိတ် နားလည်ဖို့ အတွက် ရောက်ရှိလာတာ ဖြစ်တယ်လို့ ကျနော်တော့ ယူဆပါတယ်၊ စစ်ကောင်စီဥက္ကဋ္ဌကို ရုရှားက ပူတင် ကိုယ်တိုင် ကြိုဆိုတာ နောက်ပြီးတော့ စာချုပ်တွေ ချုပ်ဆိုတာ စသည်အားဖြင့် နောက်ပြီး အဲဒီပေါ်မှာ (ဦး)မင်းအောင်လှိုင်ကလည်း သိပ်ပြီးတက်ကြွအားရနေတဲ့ ပုံပေါ်နေတဲ့အခါမှာ တရုတ်အနေနဲ့ ဘာတွေများ ဘယ်လောက် အတိုင်းအတာအထိ သဘောထားတွေ ညှိနှိုင်းပြီးတော့ ဘယ်လို သဘောတူညီချက်တွေနဲ့ ဗမာ ပြည်မှာ ဘာဆက်လုပ်မှာလဲဆိုတဲ့ ကိစ္စတွေ အသေးစိတ် နားလည်ဖို့အတွက် လာရောက်ပြီးတော့ နားလည်မှု ရအောင် ကြိုးစားတယ်လို့ ယူဆပါတယ်”ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနှင့်ဘယ်လာရုစ် နိုင်ငံများသို့ မတ်လ ၃ ရက်မှ ၉ ရက်အထိ ချစ်ကြည်ရေးခရီး သွားရောက်၍ သမ္မတပူတင်၊ သမ္မတလူကာရှန်ကိုတို့နှင့် သီးခြားစီ တွေ့ဆုံကာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အပါအဝင် စီးပွားရေးရင်းနှီးမြှုပ်နှံရေး အခြေအနေများအား ဆွေးနွေးခဲ့သည်။
ထို့နောက် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မတ်လ ၁၀ ရက် တွင် နစက၏ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးသန်းဆွေအား တွေ့ဆုံဆွေးနွေးခဲ့သည်။
နစကဥက္ကဋ္ဌနှင့် တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံမှုတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှု အခြေအနေများ၊ တရုတ်နိုင်ငံမှ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည့် အခြေအနေ များအား ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဥ်၌ တရုတ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တွေ့ရစဉ်
တရုတ်အထူးကိုယ်စားလှယ် မြန်မာပြည်လာခြင်းသည် TNLA ၏ ပျက်သွားသည့် အစည်းအဝေးအား နောက် တစ်ကြိမ် ပြန်ခေါ်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီလိုဗျ တိန့်ရှီးကျွင်းက ဗမာပြည်ကို သွားတာလည်း ရေထွက်မတက်ပါပဲ၊ နောက်ဟို နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေဆီလည်း သွားနေတာပဲလေ၊ အဲတော့ အဲဒီကြားထဲမှာသူက ညှိနှိုင်းသူအဖြစ် လုပ်နေတာပဲလေ၊ အဲတော့ ဟိုတလောကဖြစ်တဲ့ TNLA အစည်းအဝေး ပျက်သွားပြီးတော့ နောက်တစ်ကြိမ် ပြန်ခေါ်ဖို့များ ကြိုးစားနေ လား မသိဘူးဗျ၊ အဲတာ ဖြစ်လိမ့်မယ်ထင်တယ် ကျမ စဥ်းစားနေတာလေ၊ ဘာဖြစ်လို့လဲဆိုတော့ TNLA နဲ့ အစည်းအဝေးက ပျက်သွားတာ ဖြစ်တာကိုး၊ ပျက်သွားပြီးတော့ ဒါပေမယ့် TNLA ကပြောတာ နောက်ထပ်လည်း ဆွေးနွေးဖို့တော့ ရှိပါတယ်လို့ပြောတော့ အဲဒီကိစ္စများ ထပ်ညှိနှိုင်းဖို့ သွားသလား မသိဘူးဗျ၊ အဲတာဖြစ်နိုင်မယ် ထင်တယ်၊ အကုန်လုံးပါမှာပါပဲ အခုဟာက AA ကလည်း ကျောက်ဖြူ၊ စစ်တွေတို့နားမှာ တိုက်နေတယ်ဆိုတော့ အဲဒီက လုံခြုံရေးကိစ္စတွေလည်း ပါကောင်းပါမှာပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမကြားတာဆို တရုတ်ရဲ့ လုံခြုံရေး အဖွဲ့သားတွေတောင် ကျောက်ဖြူ ရောက်နေတယ်လို့ ကြားတာကိုး အဲတော့ အကုန်လုံးပါမှာပဲ” ဟု ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (AA-TNLA-MNDAA) တို့ကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်ရန် ကြားဝင်စေ့စပ်ညှိနှိုင်း ပေးလျက်ရှိသည်။
တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာ့တပ်မတော်နှင့် MNDAA တို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ယာယီအပစ်ရပ်စဲရေး သဘောတူညီခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် TNLA တို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲအား အဆုံးသတ်ခဲ့ပြီး နောက်ထပ်တစ်ကြိမ် ပြန်လည် တွေ့ဆုံမည်ဖြစ်ကြောင်း TNLA က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့အတူ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် AA နှင့် နစကကြား တရုတ်နိုင်ငံတွင် မတ်လ၌ တွေ့ဆုံဆွေးနွေး သွားရန် ရှိကြောင်းလည်း နီးစပ်သူများထံမှ သိရသည်။