CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၀

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ် အပြီးမှာဘဲ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် နစက၏ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန် အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုး တက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များ၊ နယ်စပ်ဒေသတွင် တိုးမြင့်လာလျက်ရှိသည့် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှု ကွန်ရက်များ ပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင် ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားသမ္မတ ပူတင်နှင့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုတို့၏ ဖိတ်ကြားချက်အရ ထိုနိုင်ငံများသည် တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မတ်လ ၃ ရက်မှ ၉ ရက်အထိ သွားရောက်ခဲ့သည်။

ထို့နောက် မတ်လ ၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် မတ်လ ၁၀ ရက်၌ တရုတ်အထူး ကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

နစကသည် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (သို့မဟုတ် ) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သမ္မတ လူကာရှန်ကိုနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြား ခဲ့သည်။