CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၁
ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများမှ ချစ်ကြည်ရေးခရီးသွားရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မတ်လ ၁၁ ရက်တွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း လာရောက်တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နစက၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစကအဖွဲ့ဝင် NSPNC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ တက်ရောက်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံများသို့ မတ်လ ၃ ရက်မှ ၉ ရက်နေ့ အထိ ချစ်ကြည်ရေးခရီးသွားရောက်၍ သမ္မတပူတင်၊ သမ္မတလူကာရှန်ကိုတို့နှင့် သီးခြားစီ တွေ့ဆုံ၍ ရွေးကောက် ပွဲ ကျင်းပနိုင်ရေး အပါအဝင် စီးပွားရေး ရင်းနှီးမြှုပ်နှံရေး အခြေအနေများကို ဆွေးနွေးခဲ့သည်။
ထို့နောက် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မတ်လ ၁၀ ရက်က နစက၏ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးသန်းဆွေကို တွေ့ဆုံဆွေးနွေးခဲ့သည်။
နစကဥက္ကဋ္ဌနှင့် တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံစဉ် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှု အခြေအနေများ၊ တရုတ်နိုင်ငံမှ အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၌ တရုတ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မူးယစ် ဆေးဝါး တားဆီး ကာကွယ်ရေးလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပ ပျောက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု နစက,က သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း နစကဥက္ကဋ္ဌနှင့် တရုတ်အထူး ကိုယ်စားလှယ် တိန့်ရှီးကျွင်းတို့ ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံသည် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့(AA-TNLA-MNDAA)တို့ကြား အပစ်အခတ်ရပ် စဲရေး ဆွေးနွေးနိုင်ရန် ကြားဝင် စေ့စပ်ညှိနှိုင်းပေးလျက်ရှိသည်။
တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာ့တပ်မတော်နှင့် MNDAA တို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က တွေ့ဆုံဆွေးနွေးပွဲနောက် ယာယီအပစ်ရပ်စဲရေး သဘောတူညီခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်နှင့် TNLA တို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က တရုတ်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသော်လည်း သဘောတူညီချက် မရဘဲ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့သည်။