CNI International News
အိုင်ဇော၊ မတ်လ ၁၂
နိုင်ငံခြားသားများသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဖြတ်သန်း၍ မြန်မာနိုင်ငံသို့ ဝင်ရောက်ပြီး ချင်းတောင် တန်းပေါ်က သူပုန်များကို စစ်သင်တန်းများ ပေးနေကြောင်း မီဇိုရမ် (Mizoram) ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာ (Lalduhoma) က မတ်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်ဟု NDTV မှ ဖော်ပြခဲ့သည်။
အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတစ်လျှောက် သွားလာလှုပ်ရှားမှုများကို စည်းကမ်းချမှတ်ရန်နှင့် Protected Area Permit (PAP) ဟုခေါ်သော အိန္ဒိယနိုင်ငံသား မဟုတ်သူများကို သတ်မှတ်ထားသည့် နေရာများတွင် သွားလာ လှုပ်ရှားခွင့် တင်းကျပ်သည့် စနစ်ကို ပြန်လည်ကျင့်သုံးမည့် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို ပြည်နယ်အစိုးရက ဆန့်ကျင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
ပြည်ပနိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် မီဇိုရမ်ပြည်နယ်ကို ခရီးတစ်ထောက်နားသည့် နေရာအဖြစ် လျှို့ဝှက်အသုံးချနေကြောင်း၊ ထိုအခြေအနေသည် ဗဟိုအစိုးရအတွက် ကြီးမားသည့် စိုးရိမ်စရာကိစ္စ ဖြစ်လာခဲ့သည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။
ချင်းသူပုန် ၂ ဖွဲ့ ပူးပေါင်းမှု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာက သက်သေအဖြစ် ပါဝင်ခဲ့သည်ကို တွေ့ရစဉ်
အဆိုပါ သင်တန်းများကို အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများက ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း မီဇိုရမ်ပြည်နယ်သို့ ပြည်ပနိုင်ငံသား ၂၀၀၀ ခန့် ရောက်ရှိလာခဲ့သည်။
ထိုအထဲမှ အများစုသည် ကမ္ဘာလှည့် ခရီးသွားများအဖြစ် လာရောက်ကြခြင်း မဟုတ်ဘဲ ပြည်နယ်အတွင်းမှ အကြောင်းမကြားဘဲ ထွက်ခွာသွားကြသည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာက လွှတ်တော်တွင် ပြောကြားခဲ့သည်။
အချို့ ပြည်ပနိုင်ငံသားများသည် မြန်မာနိုင်ငံ၏ ချင်းတောင်တန်းဒေသများတွင် စစ်သင်တန်းများပေးရန်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်ကိုဖြတ်ပြီး ချင်းတောင်တန်းဒေသသို့ ဝင်ရောက်သွားခဲ့သည်ဟု ၎င်းက ဆိုသည်။
လက်ရှိ ပထဝီနိုင်ငံရေး အခြေအနေများနှင့် မိမိတို့အိမ်နီးချင်း မြန်မာနိုင်ငံ၏ အခြေအနေများကို အမေရိကန်နှင့် တရုတ် အပါအဝင် နိုင်ငံအများအပြားက အနီးကပ်စောင့်ကြည့်နေကြသည်ဟု လာဒူဟိုမာက ပြောသည်။
ချင်းသူပုန် CNA ဌာနချုပ်ကို မီဇိုရမ်လွှတ်တော်အမတ် ရောက်လာခဲ့စဉ်
ထို့ကြောင့် မီဇိုရမ်ပြည်နယ်သည် ပြည်ပနိုင်ငံသားများ အသုံးပြုသည့် ခရီးတစ်ထောက် ဖြတ်သန်းသွားလာသော နေရာအဖြစ် အသုံးချခံနေရသဖြင့် ဗဟိုအစိုးရအတွက် ကြီးမားသည့် စိုးရိမ်စရာကိစ္စ ဖြစ်လာခဲ့ကြောင်း ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။
ထိုအခြေအနေ အရပ်ရပ်ကြောင့် ပြည်နယ်အတွင်း သတ်မှတ်ထားသည့် နေရာများကို သွားလာခွင့်ပါမစ် ရရှိရန် လိုအပ်သော စနစ်ကို ပြန်လည်ကျင့်သုံးရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံသားများ ဖြတ်သန်းဝင်ရောက်လေ့ရှိသည့် အခြားပြည်နယ်များတွင်လည်း PAP စနစ်ကို ပြန်လည်ကျင့်သုံးခဲ့သည်ဟု လာဒူဟိုမာက ပြောသည်။
အစောပိုင်းက PAP စနစ်ကို ပြန်လည်ကျင့်သုံးမည့် ဆုံးဖြတ်ချက်ကို မီဇိုရမ်ပြည်နယ်အစိုးရက ဆန့်ကျင်ကန့်ကွက် ခဲ့သော်လည်း နောက်ပိုင်းတွင် ဗဟိုအစိုးရ၏ သဘောထားကို သိရှိနားလည်သွားခဲ့သည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် PAP စနစ်ကျင့်သုံးသည့် ပြည်နယ်များသည် အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ၊ ဆစ်ကင်မ် (Sikkim) ၊ မဏိပူရ (Manipur) ၊ နာဂလန်း (Nagaland) ၊ မီဇိုရမ် (Mizoram) ၊ ဂျမူးနှင့် ကက်ရှ်မီးယား (Jammu and Kashmir) ၊ ဟီမာချယ် ပရာဒေ့ရှ် (Himachal Pradesh) ၊ ရာဂျက်စ်သန် (Rajasthan) ၊ ဥတ္တရာခန်း (Uttarakhand) ပြည်နယ်များ ပါဝင်သည်။
Source: NDTV