CNI International News

အိုင်ဇော ၊ မတ်လ ၈

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၏ လွှတ်တော်အမတ် ကေ ဗန်လယ်ဗီနာ (MP K. Vanlalvena) သည် အိန္ဒိယနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံ အနောက်မြောက်ဘက် နေရာဒေသများကို ထိန်းချုပ်ထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းပြည်ကောင်စီ၏ ရုံးခန်းများနှင့် စစ်စခန်းများကို ပြီးခဲ့သည့် သီတင်းပတ်က သွားရောက်ခဲ့သည်ဟု The Hindu သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တရားဝင်အစိုးရ မရှိသည့်အချက်ကို ထောက်ရှုပြီး ချင်းပြည်နယ်အား အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းရန် ဗန်လယ်ဗီနာက ချင်းပြည်ကောင်စီကို ကမ်းလှမ်းခဲ့ပြီး အိန္ဒိယနှင့် မြန်မာနယ်စပ်၏ နှစ်ဖက်စလုံးတွင် လူမျိုးစု အချင်းချင်း ရင်းနှီးမှု သံယောဇဉ်ရှိကြောင်း  ပြောကြားခဲ့သည်။

မီဇိုအမျိုးသားတပ်ဦး (MNF) ပါတီမှ အထက်လွှတ်တော်အမတ်ဖြစ်သည့် မစ္စတာ ဗန်လယ်ဗီနာက သူသည် ပြီးခဲ့သည့် သီတင်းပတ်က မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော်ပြီး ခြေလျင်သွားရောက် ခဲ့ခြင်းမပြုမီ ၎င်း၏ ခရီးစဉ်နှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဗွီကေ ဆင်း (V.K. Singh) နှင့် အာသံရိုင်ဖယ် နယ်ခြားစောင့်တပ်ကို အသိပေး အကြောင်းကြားခဲ့သည်ဟု The Hindu သတင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့သည်။

သူသည် ချစ်ကြည်ရင်းနှီးမှုနှင့် ညီရင်းအစ်ကို ဆက်ဆံရေးကို ထူထောင်ရန် ချင်းပြည်ကောင်စီဝင်များနှင့် တွေ့ဆုံခဲ့သည်ဟု ဗန်လယ်ဗီနာက ပြောသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကို အသိသက်သေထားပြီး ချင်းသူပုန် ၂ ဖွဲ့ ပေါင်းစည်းရေး လက်မှတ်ထိုးကြစဉ်

မီဇိုရမ်ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် မြန်မာနယ်စပ်ဒေသများကို ချင်းပြည်ကောင်စီ၏ လက်နက်ကိုင် များက လွန်ခဲ့သည့် ၆ လကတည်းက နယ်မြေစိုးမိုးပြီး အုပ်ချုပ်ထားခြင်းဖြစ်သည်။

ချင်းပြည်နယ်ကောင်စီတွင် ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်း PDF များ ပါဝင်ကြသည်။

ချင်းပြည်ကောင်စီသည် မီဇိုမိသားစုဝင်များဖြစ်ပြီး ၎င်း၏ ခရီးစဉ်နှင့် တွေ့ဆုံဆွေးနွေးခဲ့မှု အကြောင်းအရာများကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးများကို ရှင်းလင်းတင်ပြ သွားမည်ဟုလည်း ဗန်လယ်ဗီနာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာနိုင်ငံမှ သူပုန် ၂ ဖွဲ့ဖြစ်သည့် ချင်းပြည်ကောင်စီ(CC) နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (Chin National Consultative Council (ICNCC) တို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လယ်ဒူဟိုမာ (Lalduhoma) ၏ ရှေ့မှောက်တွင် ပေါင်းစည်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု Hindustan Times မှ ဖော်ပြခဲ့သည်။

Source: The Hindu