CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၇

ချင်းပြည်နယ်ကို အိန္ဒိယနိုင်ငံနှင့် ပေါင်းစည်းရန်အတွက် ဆွေးနွေးခဲ့ခြင်းသည် နိုင်ငံအဆင့်အရ မလုပ်သင့် မလုပ်ထိုက်သည့် ကြိုးပမ်းမှုဖြစ်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် K.Vanlalvena သည် ချင်းပြည်နယ်သို့ ဝင်ရောက်ကာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဌာနချုပ်ကို သွားရောက်ခဲ့ပြီး ချင်းပြည်နယ်ကို အိန္ဒိယနိုင်ငံနှင့် ပေါင်းစည်းရန် ဆွေးနွေးခဲ့ကြောင်း The Hindu သတင်းဌာနက ဖော်ပြခဲ့သည်။

လက်ရှိ မြန်မာ့နိုင်ငံရေး မတည်မငြိမ် ဖြစ်နေသည့်ကာလတွင် ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ထူးဆန်းကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ချင်းပြည်ဆိုတာက ကျနော်တို့နိုင်ငံမှာ အစဉ်တစိုက် ပါဝင်လာခဲ့တဲ့ ပြည်နယ်ဖြစ်တယ်။ ကျနော်တို့ နားလည် ရသလောက်ဆိုရင် ကျနော်တို့အနာဂတ်မှာ ဖွဲ့စည်းတည်ထောင်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမှာ ချင်းပြည်အနေနဲ့က ယူနစ်တစ်ခု အနေနဲ့ပါဝင်တဲ့ အစိတ်အပိုင်း တစ်ခုလို့ မြင်တယ်။ ဒီနိုင်ငံ တစ်နိုင်ငံကနေ လက်ရှိနိုင်ငံရေး ကမောက်ကမဖြစ်နေတဲ့ ကာလမှာ ဘာဖြစ်လို့ အဲဒီလိုမျိုး ပူးပေါင်းပါဝင်ဖို့ လုပ်ဖို့ကိုင်ဖို့ဆိုတာကို ကျနော့် အနေနဲ့ကတော့ ထူးဆန်းတယ်လို့ ထင်ပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းကတော့ သူ့ရဲ့အချုပ်အခြာ အာဏာနဲ့ သူ့ရဲ့စီမံခန့်ခွဲခွင့်နဲ့ သူ့ရဲ့လွတ်လပ်စွာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ရှိနေတာဖြစ်တဲ့ အတွက် ကြောင့် ကျနော်တို့ နိုင်ငံကလည်း မကြုံဖူးတဲ့ အခက်အခဲ အကြပ်အတည်းကို ရင်ဆိုင်ဖြတ်ကျော် နေရချိန်မှာ ဒီလိုမျိုး လာရောက် ပြောဆိုတာတို့၊ စည်းရုံးတာတို့၊ ပူးပေါင်းဖို့ ပြောတာတို့ဘာတို့ အမှန်တကယ် ဖြစ်ခဲ့တယ် ဆိုရင်တော့ ဒါက နိုင်ငံအဆင့်နဲ့ ကြည့်မယ်ဆိုရင် တော်တော်လေး မလုပ်သင့် မလုပ်ထိုက်တဲ့ ကြိုးပမ်းမှုလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကို တွေ့ရစဉ်

ထို့ပြင် အိန္ဒိယအထက်လွှတ်တော် အစည်းအဝေးတွင် မဏိပူရပြည်နယ် လွှတ်တော်အမတ် တစ်ဦးကလည်း တမူး-ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယနှင့် ပေါင်းစည်းရေး ဆွေးနွေးခဲ့သည်။

ယခုကဲ့သို့ ချင်းပြည်နယ်ကို အိန္ဒိယနိုင်ငံနှင့် ပေါင်းစည်းရန် ပြောဆိုမှုအပေါ် ချင်းလူမျိုးများဘက်မှလည်း လက်ခံ မည်မဟုတ်ကြောင်း၊ မိမိတိုင်းပြည် အကျိုးစီးပွားအတွက် သူများတိုင်ပြည်ကို ထိခိုက်အောင် ပြောဆိုမှုအပေါ် လက်မခံကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ‌ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျမတို့ လက်မခံပါဘူး။ ချင်းကလည်း လက်မခံပါဘူး။ ဒါကတော့ ကမ္ဘာကြီးတစ်ခုလုံး နိုင်ငံရေးအရ ကမောက်ကမတွေ ဖြစ်နေတာကို အဲဒီတော့ ကိုယ့်အကျိုးစီးပွားပေါ်ကနေ ပြောနေကြတာပဲ။ ကိုယ့်တိုင်းပြည်ရဲ့ အကျိုးစီးပွား ကောင်းရာကောင်းကျိုးအတွက် ပြောနေတဲ့အခါမှာ ကိုယ့်တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လုပ်တာ က သဘာဝကျတာပေါ့။ မှန်လည်း မှန်တယ်။ ဒါပေမယ့် သူများရဲ့ အကျိုးစီးပွားကို ထိခိုက်ပြီး ကိုယ့်တိုင်းပြည် ကောင်းကျိုး ကွက်ကွက်လေးပဲ ကြည့်ရင်တော့ ဒါက လက်ခံနိုင်စရာမရှိဘူး။ အဲဒီတော့ အိန္ဒိယက ပါလီမန်အမတ် က မဲရဖို့တို့ ဘာညာတွေအတွက် သူ့နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ပြောတာဖြစ်မှာပေါ့။ ဒါဟာသူ့ရဲ့အခြေခံ အတွေး အခေါ်ကို ပြတာပဲလေ။ သူ့ပြည်နယ် ကောင်းကျိုးအတွက် ပြောတာပြောလို့ ရပါတယ်။ ဒါပေမယ့် သူများတိုင်း ပြည် သူများလူမျိုးကို ထိခိုက်ပြီးပြောတဲ့ အပြောအဆိုမျိုးကို ကျမတို့က လက်မခံဘူး။ ကျမတို့လည်း ဘယ်တော့မှ သူများတိုင်းပြည် သူများလူမျိုးကို ထိခိုက်အောင် မပြောဘူး။ ကိုယ့်တိုင်းပြည်က ကိုယ့်လူမျိုးတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေဖို့ပဲ အားသန်တယ်” ဟု ပြောသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကို တွေ့ရစဉ်

ထိုကိစ္စနှင့်ပတ်သက်၍လည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အိန္ဒိယအနေဖြင့် မိမိ၏နိုင်ငံရေး လို(ဘ)ဘက်တစ်ခုတည်းကိုကြည့်ကာ နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်ကြောင်း တုန့်ပြန်ပြော ကြားထားသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ‌ရေးသမားတချို့၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အသိပေးသင့် သည်များနှင့် ပြောသင့်သည်များကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုထားသည်။

မြန်မာ-အိန္ဒိယနယ်စပ်သည် ၁၀၁၀ မိုင်ကျော် ရှည်လျားပြီး ၁၆၂၆ ကီလိုမီတာရှိကြောင်း၊ တိုင်းတာပြီး ၉၀၇ မိုင် ကျော်ရှိပြီး ကီလိုမီတာအားဖြင့် ၁၄၆၀ ကျော် တိုင်းတာပြီးဖြစ်ကြောင်း၊ ယခုပြောနေသည့် က‌ဘော်ချိုင့်ဝှမ်းဒေသ ဆိုသည်မှာလည်း ယခင် တိုင်းတာပြီး အသိအမှတ်ပြုပြီးထဲမှာ ပါပြီးဖြစ်ကြောင်း နစကဘက်က သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်ခြား သတ်မှတ်ချက် အနေဖြင့် ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်နေ့မှာ ချုပ်ဆိုထားသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလည်း ရှိပြီးဖြစ် ကြောင်း နစကဘက်က သတင်းထုတ်ပြန်ခဲ့သည်။