CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၇
တွေ့ဆုံဆွေးနွေးပွဲတွင် အားလုံးပါဝင်နိုင်ရန် ၂၀၀၈ ခြေ/ဥအား ပြင်ရန် သို့မဟုတ် အသစ်ရေးဆွဲရန် စသည့် စကားမျိုးများ မပြောဘဲ ဆွေးနွေးပွဲလုပ်လျှင် ခက်နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင် နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပုဒ်မ ၆(စ)အရ တပ်မတော်က ဦးဆောင်သွားမည် ဆိုခြင်းများအား ပြုတ်ရန် အနည်းဆုံး ပြောရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
ဦးခွန်းဆိုင်က “အားလုံးပါဝင်နိုင်အောင် ဆိုလို့ရှိရင်တော့ အားလုံးကြားချင်တဲ့ စကားနဲ့ ပြောရမှာပေါ့ဗျာ၊ အားလုံး ကြားချင်တဲ့ စကားကတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ကို ဆက်လက်ပြီးတော့မှ ပွေ့ပိုက်ထားဖို့ မဟုတ်ဘူး၊ ဒီ ၂၀၀၈ ခြေ/ဥကို ပြင်ချင်တယ်ဆိုရင်လည်း ပြင်လို့ရအောင် သို့မဟုတ် အသစ်ဆွဲချင်တယ်ဆိုလည်း ဆွဲဖို့ရအောင် စတဲ့ဟာမျိုး၊ နောက်တစ်ခုကတော့ အနည်းဆုံးကတော့ ၂၀၀၈ ထဲက ပုဒ်မ ၆ (စ) ဒီတပ်မတော်က နေပြီးတော့မှ ဦးဆောင်သွားမယ်ဆိုတာတွေ ဒါတွေပြုတ်ဖို့ စသည်ဖြင့် အနည်းဆုံးပြောဖို့ လိုမှာပေါ့ဗျာနော်၊ ဒါတွေကို မပြော ဘဲနဲ့ ဆွေးနွေးပွဲလုပ်မယ် ဆိုလို့ရှိရင် ခက်မယ်၊ အရင်တုန်းက ဆိုလို့ရှိရင်တော့ ဒီအရင်ခေတ်ကတော့ ဦးသိန်းစိန် ရော၊ ဦးနုရော ပြောခဲ့ဖူးတာက သူတို့ကတော့ ခွဲထွက်ရေးက လွဲလို့ရှိရင် အကုန်ဆွေးနွေးနိုင်တယ် ဆိုတာမျိုးပြော တယ်၊ ဒါကလည်း ဒီဥစ္စာလည်း ကောင်းတဲ့ အချက်တစ်ခုပဲပေါ့” ဟု ပြောသည်။
နစကဥက္ကဋ္ဌနဲ့ EAO များကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ငြိမ်းချမ်းရေးညီလာခံတစ်ရပ်အား ကျင်းပနိုင်ရေး NSPNC နှင့် NCA လက်မှတ်ရေးထိုး ထားသည့် EAO အဖွဲ့အချို့တို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
NCA အရ ညီလာခံ ကျင်းပမည်ဆိုလျှင် NCA မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင် ဆွေးနွေးနိုင်မည် မဟုတ်သည့်အတွက် NCA ထက် ကျော်လွန်စဥ်းစားကာ ကျင်းပနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရန်နှင့် အားလုံးလက်ခံနိုင်သည့် အခင်းအကျင်းဖြစ်ရန် ရွေးကောက်ပွဲ မတိုင်ခင် တွေ့ဆုံဆွေးနွေးမှုတစ်ခု လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု မြန်မာနိုင်ငံက သွားမှန်းမသိဘဲ သွားနေတာ နှစ်ပေါင်း ၈၀ နီးပါးလောက်တောင် ရောက်ခါနီးပြီပဲ ပြည်တွင်းပဋိပက္ခကို ပြောတာပါ၊ အဲတော့ အခု ရုရှားအပြန်ပေါ့ဗျာ ဘယ်လာရုစ်တို့ အပြန်မှာ ဗိုလ်ချုပ်မှူးကြီး ကတော့ ရွေးကောက်ပွဲ ဘယ်တော့ လုပ်မယ်ဆိုတာကို အတိအကျတော့ ပြောပြီးပြီဖြစ်ပါတယ်၊ အဲတော့ အဲလို ပြောလိုက်တဲ့ နောက်ပိုင်းမှာ ကျနောတို့ရဲ့ အချိန်က အခု မတ်လဆိုရင် အနည်းဆုံး နောက် ၉ လလောက်ပေါ့ဗျာ ပြေးလမ်းတစ်ခု ရှိတယ်လို့ ခန့်မှန်းရမှာပေါ့၊ ရွေးကောက်ပွဲကြီးမှာလည်း အားလုံးပါဝင်နိုင်အောင် အားလုံးလက်ခံ တဲ့ အခင်းအကျင်းဖြစ်ဖို့က ရွေးကောက်ပွဲမတိုင်ခင်မှာ တွေ့ဆုံဆွေးနွေးမှုတစ်ခု လိုအပ်တယ် ဆိုတာမျိုးပါ၊ အဲဒါ ကြောင့် နစကသည် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို မလွှဲအပ်ခင် အချိန်ထိပေါ့ဗျာ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ပါဝင်နိုင်အောင် ဖိတ်ခေါ်ပြီးမှ ငြိမ်းချမ်းရေးညီလာခံတစ်ခု လုပ်ဖို့လိုအပ်ပါတယ်၊ အဲဒီမှာ NCA ထိုးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတို့ မထိုးသေးတဲ့ အဖွဲ့အစည်းတွေရော ပါဝင်အောင် ဖိတ်ခေါ်ဖို့လိုတယ်” ဟု ပြောသည်။
တိုင်းရင်းသား မျိုးနွယ်စု တစ်စုကိုတွေ့ရစဉ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကစတင် ကျင်းပခဲ့ ရာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်းက နောက်ဆုံးအကြိမ် ကျင်းပခဲ့ သည်။
NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြရာမှာလည်း နိုင်ငံရေးပါတီများ ဘက်က ငြိမ်းချမ်းရေးညီလာခံ ကဲ့သို့သော အားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ခေါ်ယူ ကျင်းပရန် ဆွေးနွေး ထားကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲအား မဖြစ်မနေ ကျင်းပပေးသွားမည် ဖြစ်သောကြောင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်သူနဲ့အစိုးရ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများအား ဆုချီးမြှင့်သည့် အခမ်းအနား၌ ပြောကြားခဲ့သည်။