CNI International News

ဝါရှင်တန်၊ မတ်လ ၁၇

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် မတ်လ ၁၄ ရက်က အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ထိုင်းနိုင်ငံမှ ဝန်ကြီးချုပ် ပေတုန်တန်နှင့် အရာရှိများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကြောင်း ကြေညာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်းမှ ဝီဂါလူမျိုး ၄၀ ခန့်ကို တရုတ်သို့ လွှဲပြောင်းပို့ဆောင်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ထိုင်းအရာရှိများကို ပိတ်ဆို့မှုများ ကြေညာခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ ပြည်ဝင်ခွင့် ပိတ်ဆို့ခံရသော ထိုင်းအရာရှိများမှာ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်၊ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း၊ တရားရေးဝန်ကြီး ထဝီစွတ်စောင်၊ နိုင်ငံခြားရေးဝန်ကြီး မာရိ စေယမ် ဖုန်၊ ထိုင်းနိုင်ငံအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်၊ ထိုင်းနိုင်ငံအမျိုးသားရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ် ရေးဗျူရိုမှ ရဲချုပ်၊ ဘန်ကောက်မြို့တော် ရဲချုပ်၊ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးတို့ ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကို တွေ့ရစဉ်

ဝီဂါမွတ်ဆလင်များသည် တရုတ်တွင် ဖိနှိပ်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရအဖွဲ့က ပြောသည်။

ဝီဂါမွတ်ဆလင်များနှင့် အခြားအဖွဲ့အစည်းများကို တရုတ်သို့ အတင်းအဓမ္မ ပြန်လည်လွှဲပြောင်း ပို့ဆောင်ရန် ပြည်ပအစိုးရများကို ဖိအားပေးနေသည့် တရုတ်၏ အားထုတ်ကြိုးပမ်းမှုများအား အမေရိကန်က တိုက်ဖျက်ဖို့ သန္နိဋ္ဌာန်ချထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ထို့နောက် ဝီဂါနှင့် အခြားလူမျိုးစုများသည် ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လူမသိသူမသိ ပျောက်ဆုံးသွားခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပိတ်ဆို့မှုများ ကြေညာခြင်းသည် ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများကို ဝီဂါများအား တရုတ်သို့ ပြန်လည် ပို့ဆောင်နေခြင်းမှ တားဆီးရန် ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဝီဂါလူမျိုးများကို တွေ့ရစဉ်

အမေရိကန်သည် ယခင်ကလည်း ထိုင်းတွင် အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းကို စစ်ရေး အထောက်အပံ့များ ရပ်ဆိုင်းမှု အပါအဝင် ပိတ်ဆို့မှုများ ချမှတ်ခဲ့ဖူးသည်။

အတိတ်ကာလက အမေရိကန်သည် ထိုင်းနိုင်ငံသားများနှင့် ကုမ္ပဏီများအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း ထိုင်းအစိုးရအရာရှိများအပေါ် ပိတ်ဆို့မှု ချမှတ်ခြင်းသည် ကြုံတောင့်ကြုံခဲ့ဖြစ်ကြောင်း အရှေ့တောင် အာရှရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံသည် ဆယ်စုနှစ်များစွာ ထိန်းသိမ်းထားသည့် ဝီဂါမွတ်ဆလင်များကို ဖေဖော်ဝါရီလက တရုတ်သို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ လွှဲပြောင်းပို့ဆောင်မည်ဆိုပါက ဝီဂါများသည် တရုတ်တွင် ညှင်းပန်းနှိပ်စက်ခံရခြင်း၊ ဆိုးရွားစွာ ဆက်ဆံခံ ရခြင်း အစရှိသည့် အန္တရာယ်များဖြင့် ရင်ဆိုင်ရနိုင်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများက သတိပေးခဲ့သည့်တိုင် ထိုင်းက တရုတ်သို့ ဝီဂါများကို ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ကနေဒါနှင့် အမေရိကန်တို့က ဝီဂါလူမျိုး ၄၈ ဦးအား နေရာချထားပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ထိုင်းက တရုတ်၏ စိတ်ပျက်ခံရမည့်အရေးကို စိုးရိမ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ယခုလအတွင်း ဖော်ပြခဲ့သည်။

Source: ရိုက်တာ