CNI International News

ဘေကျင်း၊ ဩဂုတ် ၂၃

အမေရိကန်နှင့် မိတ်ဖက်ဆက်ဆံရေး ရှိသော ထိုင်းနိုင်ငံသည် တရုတ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုစစ်ရေး လေ့ကျင့်မှုများတွင် အသေးစားစစ်ပွဲ တစ်ခုအတွက် အဓိကလိုအပ်ချက်များအားလုံး ပါဝင်ခဲ့ကြောင်းနှင့် ပထမဆုံးအကြိမ်အဖြစ် အထူးတပ်ဖွဲ့ဝင်များလည်း ပါဝင်ခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

The Falcon Strike 2024 အမည်ရှိ စစ်ရေးလေ့ကျင့်မှုများကို ဩဂုတ် ၁၈ ရက်က ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်ရေး လေ့ကျင့်မှုများသည် ယခင်က နှစ်နိုင်ငံအကြား ပြုလုပ်ခဲ့ဖူးသည့် စစ်ရေးလေ့ကျင့်မှုများထက် ပိုမို ရှုပ်ထွေးပြီး ပိုမိုကျယ်ပြန့်ကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။

ဩဂုတ် ၂၉ ရက်အထိ ပြုလုပ်မည့် ထိုစစ်ရေး လေ့ကျင့်မှုများတွင် နယ်စပ်ဖြတ်ကျော် ထောက်ပံ့မှု၊ တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားမှု၊ ပူးတွဲလေကြော င်းကာကွယ်ရေးနှင့် ဟန့်တာမှုများကဲ့သို့ အဓိကလိုအပ်ချက်များ လွှမ်းခြုံ ပါဝင်လိမ့်မည်ဟု CCTV က ဖော်ပြခဲ့သည်။

နှစ်နိုင်ငံ လုံခြုံရေး စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ရန် စစ်ရေးလေ့ကျင့်မှု များအတွင်း အထူးတပ်ဖွဲ့များ၊ စစ်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ပါဝင်ခဲ့သည်။

စစ်ရေးလေ့ကျင့်မှုသည် ၎င်းတို့၏ စစ်သားများ၏ နည်းဗျူဟာနှင့် နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ပိုမို မြင့်တက်စေလိမ့်မည်ဟု နှစ်နိုင်ငံစလုံးမှ တပ်မှူးများက ယုံကြည်ထားကြကြောင်း CCTV ကဖော်ပြခဲ့သည်။

တရုတ်နဲ့ ထိုင်း စစ်သားများကို တွေ့ရစဉ်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရာရှိဟောင်း တစ်ဦးဖြစ်ပြီး စစ်ရေးကျွမ်းကျင်သူ တစ်ဦးဖြစ် သည့် ဖူချန်ရှောင် (Fu Qianshao) ကလည်း ထိုစစ်ရေးလေ့ကျင့်မှုသည် သမားရိုးကျ ပြုလုပ်နေကြ စစ်ရေး လေ့ကျင့်မှုမျိုး မဟုတ်ဘဲ ဆန်းပြားပြီး ကြီးမားသည့် ပြောင်းလဲမှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

"အဆင့် ၅ ဆင့်ခွဲပြီး ပြုလုပ်တဲ့ အဲဒီစစ်ရေး လေ့ကျင့်မှုတွေမှာ အသေးစား စစ်ပွဲတစ်ပွဲအတွက် အဓိကလိုအပ်ချက် တွေ အားလုံး ပါဝင်ပါတယ်" ဟု ဖူက ပြောကြားခဲ့သည်။

တရုတ်နှင့် ထိုင်းအကြား စစ်ရေးလေ့ကျင့်မှုများကို ယခင်က သာမန်ပူးတွဲ လေ့ကျင့်ခန်းများ ပြုလုပ်ရန်အတွက်သာ အာရုံစိုက်ခဲ့သော်လည်း လက်ရှိတွင် လက်တွေ့ကျသည့် တိုက်ခိုက်ရေးပုံစံမျိုးအဖြစ် ပြောင်းလဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

တရုတ်နှင့် ထိုင်းသည် ၂၀၁၅ ခုနှစ်ကတည်းက လေတပ် စစ်ရေးလေ့ကျင့်မှုများကို နှစ်စဉ်ပြုလုပ်ခဲ့ပြီး COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန်အတွင်း စစ်ရေးလေ့ကျ့င့်မှုများကို ၂ နှစ်ကြာ ဆိုင်းငံ့ခဲ့ရသည်။

Source: SCMP